ပြည်တွင်းရွှေဈေး တရက်တည်း ကျပ် ခုနစ်သိန်းနီးပါး ခုန်တက်
ကမ္ဘာ့ရွှေဈေး ထပ်မံ စံချိန်ချိုး မြင့်တက်လာမှုနဲ့အတူ လက်ရှိမှာ ပြည်တွင်းရှိ ပြင်ပ ရွှေဈေးဟာလည်း တရက်အတွင်း ကျပ် ခုနစ်သိန်းနီးပါး ခုန်တက်လာပြီး ကျပ် တရာတဆယ့်နှစ်သိန်း လေးသောင်းဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၂၇၄ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တရက်အတွင်း တအောင်စ ဒေါ်လာ ၂၀၀ ကျော် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။
“ကမ္ဘာ့ရွှေဈေးက ဆက်တက်နိုင်ခြေ ရှိနေသေးတယ်။ လက်ထဲ ရှိတဲ့သူတွေကတော့ ဒီအချိန်မှာ အရောင်းအဝယ် မလုပ်တော့ဘဲ ရေရှည် စုဆောင်းနိုင်ရင် အကောင်းဆုံးလို့သာ မြင်ပါတယ်။ ဈေးကွက်က အတက်ဘက်ကို အားကောင်းနေတဲ့အတွက် အရောင်းအဝယ် လုပ်မယ့်သူတွေ အထူးသတိထားရမယ့် အချိန်ပါ” လို့ ရွှေကုန်သည် တယောက်က ပြောပါတယ်။
ပြည်တွင်းမှာ အခေါက်ရွှေဈေး သိန်း ၁၀၀ ကျော်ကို စတင်မြင့်တက် ရောက်ရှိစဉ်က ရွှေအတုံး အရောင်းအဝယ်ဈေးကွက် တခုလုံး ရပ်တန့်ခဲ့ပေမယ့် ဒီရက်ပိုင်းမှာတော့ ရွှေဆိုင်ကြီးတချို့ အရောင်းအဝယ်တွေ ပြန်ဖွင့်ပေးလာပြီး ဆိုင်တချို့ကတော့ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
“နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) လို ကမ္ဘာအဆင့် အဖွဲ့အစည်းတွေတောင် ဒေါ်လာနဲ့ ဆက်စပ်နဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ရောင်းရမလား စဥ်းစားနေပြီဆိုပါတယ်။ IMF ရဲ့ မန်နေဂျင်း ဒါရိုက်တာ Kristalina Georgieva ကိုယ်တိုင် ထုတ်ပြောလာပါပြီ။ ဒါဆိုရင် ကမ္ဘာ့ရွှေစျေးကတော့ အမြင့်မှာဆက်ပြီး မဖြစ်မနေ ရှိကို ရှိနေတော့မှာပါ” လို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၀၀၀ ကျော်ကနေ စံချိန်တင် အတက်ကြမ်းနေဆဲ ဖြစ်တာကြောင့် နိုင်ငံတကာ ဈေးကွက်အတွင်းမှာလည်း ရိုက်ခတ်မှုတွေ ရှိနေပြီး ဈေးမငြိမ်သက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းမှာလည်း ရွှေဈေး ဘတ် ခုနစ်သောင်း ကျော်လာတဲ့အတွက် နိုင်ငံအတွင်းက ရွှေဆိုင်တချို့ ပိတ်သိမ်းရဖွယ် ရှိနေတယ်လို့ ထိုင်းနိုင်ငံ ရွှေကူးသန်း ရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ Jitti Tangsitpakdee က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့က ပြောကြားထားပါတယ်။
အခုလို ထင်မှတ်မထားလောက်အောင် ရွှေဈေး မြင့်တက်လာတဲ့အတွက် အခု ၂၀၂၆ ခုနှစ်အတွင်း ရွှေဆိုင် ဒါဇင်ပေါင်းများစွာ ပိတ်သိမ်းရနိုင်ခြေ ရှိနေတယ်လို့ ဥက္ကဋ္ဌ က ဆိုပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်မှာ ထိုင်းရွှေဈေးဟာ ဘတ် ခုနစ်သောင်း ခုနစ်ထောင်ကျော် ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ကာ ဇန်နဝါရီ ၂၀ ရက်နေ့ နောက်ပိုင်းကစပြီး ဘတ် ခုနစ်သောင်း ကျော်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းရွှေဈေးကွက်အတွင်း လက်ရှိမှာ အခေါက်ရွှေဝယ်ယူမှု ပိုမို များပြားလာပြီး ရွှေထည်ပစ္စည်း ဝယ်လိုအား ကျဆင်းလာခြင်း၊ ရွှေစျေး ကောင်းနေတဲ့အတွက် ပေါင်နှံခြင်းထက် ပြန်လည်ရောင်းချသူ ပိုများလာတာကြောင့် ရွှေအပေါင် လုပ်ငန်းတွေရဲ့ ဝင်ငွေနည်းလာခြင်းတို့ကို ရွှေဆိုင်တွေ ကြုံတွေ့နေရတယ်လို့ ထိုင်းနိုင်ငံ ရွှေကူးသန်း ရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌက ပြောပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံက ရွှေဆိုင်တွေ ပိတ်သိမ်းရခြင်းဟာ ဈေးကွက်အတွင်း အရှုံးပေါ်နေလို့ မဟုတ်ဘဲ ရွှေဈေး အတက်ကြမ်းနေတဲ့အချိန် အကျိုးအမြတ် ရယူနိုင်ဖို့အတွက် လုပ်ငန်းရပ်နားဖို့ ဆုံးဖြတ်ကြခြင်းမျိုး ဖြစ်တယ်လို့ ဥက္ကဋ္ဌက အသိပေး ပြောကြားထားပါတယ်။
နိုင်ငံတကာ သတင်းတချို့ရဲ့ ဖော်ပြချက်အရ ဂရင်းလန်းကျွန်းအရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့ နေတိုးအဖွဲ့တို့ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ မသေချာ၊ မရေရာမှုတွေနဲ့ ရင်ဆိုင်လာရတဲ့အတွက် ရွှေဝယ်လိုအား မြင့်တက်ခဲ့ကာ ကမ္ဘာ့ရွှေဈေးလည်း တအောင်စ ဒေါ်လာ ၅၀၀၀ ကျော်ကို ပထမဦးဆုံးအကြိမ် စံချိန်တင် မြင့်တက်သွားတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။