ယူနိုက်တက်အား အလှည့်အပြောင်း ဖြစ်လာအောင် မိုက်ကယ်ကာရစ်ရဲ့ လုပ်ဆောင်မှုကို ဂိုးသမားလမ်မန်း ဖွင့်ဟပြောကြားလာ
=================

ယူနိုက်တက်ဂိုးသမားဆန်နီလမ်မန်းက မိုက်ကယ်ကာရစ်မှာ ကလပ်အား အလှည့်အပြောင်းဖြစ်လာအောင် မည်သည့်အရာမှ ထူးထူးခြားခြားပြုလုပ်လာခြင်း မရှိကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ မိုက်ကယ်ကာရစ်လက်ထက် တနင်္ဂနွေနေ့ညတုန်းက အာဆင်နယ်ကို ၃-၂ ဖြင့် အဝေးကွင်းတွင် အနိုင်ရရှိကာ ၂ ပွဲဆက် အနိုင်ရပြီးနောက် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတုန်းက အဲဗာတန်နောက်ပိုင်းတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ၂ သင်းကို ဆက်တိုက် အနိုင်ယူနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။
ယူနိုက်တက်ဟာ မန်စီးတီးအား ၂-၀ ဖြင့်လည်းကောင်း၊ အာဆင်နယ်အား ၃-၂ ဖြင့်လည်းကောင်း အနိုင်ယူထားကာ ၂၀၁၇ ခခုနှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် ပထမဆုံးအမ်းမရိတ်နိုင်ပွဲ ရယူခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကာရစ်လက်ထက် ၂ ပွဲဆက် နိုင်ပွဲကြောင့် အမှတ်ပေးဇယားအဆင့် ၄ နေရာသို့ တက်လှမ်းလာခဲ့ပြီး အမ်းမရိတ်အောင်ပွဲအပြီးတွင် ယူနိုက်တက်ပရိသတ်များက “We’re gonna win the league” လို့ သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။
ဒါပေမယ့် ယူနိုက်တက်ရဲ့နောက်ဆုံး ၁၈ ပွဲဆက် ပွဲထွက်ကစားလာခဲ့တဲ့ လမ်မန်းက "အရိုးသားဆုံး ပြောရရင် သူ ဘာမှ ထွေထွေထူးထူး လုပ်တာ မရှိပါဘူး။ အခြေခံအပိုင်းတွေကိုပဲ လုပ်တယ်။ ဘောလုံးမှာ အခြေခံက အရေးကြီးတယ်။ အခြေခံပိုင်ရင် အရည်အသွေးထွက်လာတာပဲ။ ကျွန်တော်တို့မှာ အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်တဲ့ အရည်အချင်းရှိ ကစားသမားတွေ ရှိတယ်လို့ ထင်တယ်။ ဒါပေမယ့် တကယ်လို့များ အခြေခံမှန်ရင် နည်းစနစ်ပိုင်းသာ မှန်ရင် အတူတကွ တွဲပြီး ခုခံရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ အရိုးသားဆုံးပြောရရင် အသင်းလိုက်ကစားရုံပါပဲ။ ကျွန်တော်တို့ဆီက ဘာလိုချင်တယ် ဘာမျှော်လင့်တယ် ဆိုတာ သူ့ဘက်က ပွင့်ပွင့်လင်းလင်းပဲ လုပ်ထားတယ်။ ကင်းထဲမှာ ကျွန်တော်တို့ မထုတ်ပြနိုင်ခဲ့တာ ထုတ်ပြနိုင်ခဲ့တယ်။ အသင်းလိုက် တိုက်ပွဲဝင်ရင် ယုံကြည်မှု ရှိနေရင် ကျွန်တော်တို့ အနိုင်ရနိုင်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ အောက်တိုဘာလတုန်းကလည်း လီဗာပူးကို အနိုင်ယူကာ ၁၀ နှစ်တာအတွင်း အန်ဖီးလ်တွင် ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

image