ကာရစ်လက်ထက် နှစ်ပွဲဆက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဒေါ်ဂူ တံကောက်ကြောဒဏ်ရာကြောင့် (၁၀)ပတ်ဝန်းကျင် အနားယူရမယ်

မန်ယူအသင်းမှာ ယာယီနည်းပြ ကာရစ်လက်ထက် နှစ်ပွဲဆက် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဒိန်းမတ်တောင်ပံကစားသမား ဒေါ်ဂူဟာ တံကောက်ကြောဒဏ်ရာကြောင့် (၁၀)ပတ်ဝန်းကျင် အနားယူရမယ်လို့ သိရပါတယ်။
ဒေါ်ဂူ(၂၁ နှစ်)ဟာ ၂၀၂၅ ဖေဖော်ဝါရီမှာမှ လက်ချီကနေ မန်ယူအသင်းကို ပေါင်(၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၄၄)ပွဲကစားကာ (၃)ဂိုးသွင်းယူပေးထားပါတယ်။
ဒေါ်ဂူဟာ မန်ယူအသင်း ခြေစွမ်းပြနိုင်ပွဲဆက်ခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ် နှစ်ပွဲစလုံးမှာ ပွဲထွက်ခွင့်ရရှိခဲ့ရုံသာမက တစ်ပွဲတစ်ဂိုး သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာ ညာဘက်တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် မိနစ်(၈၀)ကျော်မှာ လူစားလဲခံခဲ့ရပြီး စမ်းသပ်စစ်ဆေးမှုတွေအရ (၁၀)ပတ်ဝန်းကျင် အနားယူရမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။
ဒေါ်ဂူရဲ့ ဒဏ်ရာသတင်းကို မန်ယူအသင်းက အတည်ပြုကြေညာခြင်းမရှိသေးပေမဲ့ မီဒီယာတွေကတော့ ဒေါ်ဂူအနေနဲ့ ဧပြီလအစောပိုင်းမှသာ ပြန်ကစားနိုင်မှာဖြစ်လို့ မန်ယူအသင်းရဲ့ ပွဲစဉ်(၈)ပွဲကို လွဲချော်မှာဖြစ်သလို၊ ဒိန်းမတ်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs ပွဲစဉ်ကိုလည်း လွဲချော်ရမှာဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
ဒေါ်ဂူရဲ့ ဒဏ်ရာပြဿနာက မန်ယူအသင်းအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့ပေမဲ့ ကူညာကလည်း ခြေစွမ်းပြနေတာကြောင့် စိုးရိမ်စရာမရှိကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

image