ကြံတတန်ကို တသိန်းတသောင်း ကျပ်သာ စျေးပေးလို့ တောင်သူနဲ့ စက်ရုံ ပြေလည်မှုမရဘဲ စစ်ကိုင်းအထက်က စက်ရုံတွေ မလည်ပတ်နိုင်
စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ သကြားစက်ရုံတွေက ကြံတတန်ကို စက်ရုံအရောက်စျေး တသိန်းငါးထောင်ကနေ တသိန်းတသောင်းကျပ်သာ စျေးပေးတဲ့အတွက် တောင်သူတွေနဲ့ စက်ရုံအကြား ပြေလည်မှုမရရှိတာကြောင့် သကြားစက်ရုံတွေ ခုချိန်ထိ လည်ပတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
စက်ရုံအနေနဲ့ ကြံတတန်ကို တသိန်းခွဲ ကျပ်နူန်း ပေးဖို့အတွက် တောင်သူနဲ့ စက်ရုံတွေအကြား ညှိနှိုင်းနေကြတာဖြစ်ကြောင်း ၊ ခုချိန်ထိ ညှိနိူင်းမှု အဆင်ပြေတာကြောင့် စက်ရုံတွေ လည်ပတ်နိုင်ခြင်း မရှိသေးတာ ဖြစ်တယ်လို့ သိရပါတယ်။
" တောင်သူတွေကလည်း အဲဒီစျေးဆို မရောင်းတော့ဘူး ။မီးရှို့ပစ်မယ် ဖြစ်နေတယ်။ စျေးကလည်း အရမ်းကွာနေတာကိုး ။ အခုကြံအသင်းကလည်း ညှိပေးနေတာ နှစ်ကြိမ်ရှိပြီ ။ခုထိတော့ မပြေလည်သေးလို့ စက်မလည်သေးဘူး ။တောင်သူက တသိန်းခွဲ မရရင် မပို့ဘူးပြောတယ်။ စက်ရုံကလည်း ၏တသိန်းတသောင်းထက်ပိုမပေးဘူး ဖြစ်နေတယ်။ ဆက်ညှိရအုံးမယ့်သဘောပါ ။အခုက ရာသီအရမ်းလည်းနောက်ကျနေပြီ။ နောက်ကျတော့ ကြံတွေခြောက်ကုန်ပြီ ။ သူတို့(စက်ရုံ) ကတော့ သယ်ယူစရိတ်တွေများတယ် ၊ ဂိတ်တွေများတယ်။ သကြားတအိတ်ကို ၁၅၀၀၀ ပေးရတယ်တို့ ဘာတို့နဲ့ အကြောင်းပြတာပေါ့။ " လို့ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပါတယ်။
လက်ရှိ ကြံရာသီမှာ အခြားဒေသရှိ သကြားစက်ရုံတွေက စက်ရုံ အရောက်စျေး ကြံတတန်ကို ၁၇၀၀၀၀ ကျပ်မှ ၁၈၀၀၀၀ ကျပ်နူန်း စျေးဖွင့်ထားချိန် စစ်ကိုင်းတိုင်း အထက်ပိုင်းစက်ရုံတွေက စက်ရုံအရောက်စျေး ၁၀၅၀၀၀ မှ ၁၁၀၀၀၀ ကျပ်သာ စျေးပေးတဲ့အတွက် တောင်သူတွေက တွက်ချေမကိုက်တာကြောင့် ညှိနိူင်းနေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
စက်ရုံအရောက် ကြံစျေးဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ ကြံခုတ်ခ ၊ ကြံတင်ခ ၊ ကားခ အားလုံးကို ကုန်ကျခံရတာကြောင့် အနည်းဆုံး ကြံတတန်ကို ၁၅၀၀၀၀ ကျပ်လောက် ရရှိမှသာ အဆင်ပြေမှာ ဖြစ်တယ်လို့ သိရပါတယ် ။
သကြားစက်ရုံတွေ လည်ပတ်နိုင်ခြင်း မရှိသေးတဲ့အတွက် ကြံတောင်သူတွေအနေနဲ့ ကြံခုတ်ဖို့နောက်ကျနေပြီး ကြံတွေ ခြောက်လာပြီး ဒီထက်ပိုပြီး ထားပါက ဆုံးရှုံးမှုပိုပြီး ကြီးနိုင်တဲ့ အခြေအနေ ရှိတာကြောင့် စျေးနူန်းတခုညှိနိူင်းပြီး စက်ရုံတွေ အမြန်ဆုံးဖွင့်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ် ။
" အတတ်နိုင်ဆုံး ညှိနှုင်းစျေးလေးနဲ့ လည်စေချင်နေပြီ ။ ဒီထက်နောက်ကြရင် ကျွန်တော်တို့လို တောင်သူငယ်လေးတွေ အတွက် မလွယ်တော့ဘူး ။ တောင်သူကြီးတွေအတွက်က ကြိုက်တဲ့အချိန်ဖွင့် ကြံခုတ်ခကို ဘယ်စျေးနဲ့ဖြစ်ဖြစ် အလွယ်လေး ပေးနိုင်ပေမယ့် တောင်သူငယ်လေးတွေ အတွက်တော့ ကြိုတင်ခုတ်စရိတ် မရရင် စက်ရုံဖွင့်နောက်ကြလို့ ကြံခုတ်ခတွေ စျေးကြီးလာရင် မိုးရွာလို့ ကြံတွေ တဆင့်နှစ်ဆင့် သယ်ထုတ်ရရင် ဘယ်လိုမှမတတ်နိုင်ဘဲ ကြံခင်းတွေဖျက်ပြီး သီးကြမ်းဘက်လှည့်ဖို့ ဖြစ်နေပါပြီ။ နယ်မြေအခြေအနေကလည်း တအားကြီးမဆိုးပါဘူး ။ တိုင်းပြည်အခြေအနေ မငြိမ်သက်တာကို အကြောင်းပြပြီး စက်ရုံတွေဘက်က စျေးနှိမ်ပြီး ဝယ်ချင်နေတာပါ ။ " လို့ စစ်ကိုင်းတိုင်းက ကြံစိုက်တောင်သူ တယောက်က ပြောပါတယ် ။
စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ သကြားစက်ရုံ တန် ၃၀၀ မှ ၁၀၀၀ အထိ ကြိတ်ဝါးနိုင်တဲ့ စက်ရုံ သုံးရုံနဲ့ တန် ၂၀၀၀ မှ ၈၀၀၀ အထိ ကြိတ်ဝါးနိုင်တဲ့ စက်ရုံ သုံးရုံရှိပြီး ကြံစိုက်ဧက ၇၅၀၀၀ မှ ၁၀၀၀၀၀ ကြားရှိကြောင်း တနှစ်ကို ကြံတန်ချိန် တနှစ် ကြံတန် ၁၅ သိန်းကျော် စိုက်ပျိုးထုတ်လုပ်မှု ရှိတယ်လို့ သိရပါတယ် ။
နေပြည်တော် ၊ လယ်ဝေးမြို့နယ်ဘက်မှာလည်း လုပ်သား ရှားပါးတဲ့အပြင် သယ်ယူပို့ဆောင်ရေးစရိတ်များတာကြောင့် တောင်သူငယ်တွေအနေနဲ့ စက်ရုံအရောက် ကြံပို့နိုင်ခြင်းမရှိဘဲ ပွဲစားတွေကို အခင်းပြတ်စျေးနူန်း တတန်ကို ၉၀၀၀၀ ကျပ်နဲ့သာ ရောင်းချနေကြရတယ်လို့ သိရပါတယ် ။