ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း MRTVနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် မီဒီယာလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
-------------------------
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းဟာ ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကိုသွားရောက်ပြီး ဌာနနဲ့ ပုဂ္ဂလိကတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ မီဒီယာလုပ်ငန်းတွေကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူတွေနဲ့ဝန်ထမ်းတွေကို ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးဟာ MyanSat DTH ထုတ်လွှင့်ရေးနဲ့ ဖြန့်ချိရေးရုံးချုပ်ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ Chief Operation Officer ဦးသန့်စင်က ရုံးချုပ်အဆောက်အအုံဌားရမ်းပြီး ပြင်ဆင်ဆောင်ရွက်ခဲ့မှုနဲ့ ဖြန့်ခွဲနေရာချထားပြီး လုပ်ငန်းဆောင်ရွက်နေမှု၊ ပြည်တွင်း/ပြည်ပ ရုပ်သံလိုင်းပေါင်း ၁၅၆ လိုင်းနဲ့ စီစဉ်ထုတ်လွှင့်နေမှု၊ နိုင်ငံတစ်ဝန်းမှာ ဖြန့်ချိရေးအရောင်းဆိုင် ၁၀၂ ဆိုင်
ဖွင့်လှစ်ပြီး MyanSat Set Top Box (ST တစ်သောင်းကျော် ရောင်းချထားရှိမှုအပြင် MRTV DTH Set Top Boxတွေ ရောင်းချပေးနေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်တာတွေကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် Shwe FM ထုတ်လုပ်ရေးရုံးကို ရောက်ရှိလာရာမှာ ရွှေသံလွင်မီဒီယာကုမ္ပဏီမှ MD ဦးမင်းမင်းက ထုတ်လုပ်ရေးရုံးနဲ့ စတူဒီယိုတို့ နေရာခွဲခြားဆောင်ရွက်နေမှု၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့အတွက် ဦးစွာထုတ်လွှင့်ပေးခဲ့သလို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့အတွက် တိုးချဲ့ပြီး ထပ်ဆင့် ထုတ်လွှင့်စက်ရုံ ၁၇ ရုံမှတစ်ဆင့် ထုတ်လွှင့်နေမှု၊ နေ့စဉ် မနက် ၅ နာရီမှ ည ၁၁ နာရီအထိ စုစုပေါင်း ၁၈ နာရီ စီစဉ်ပြီး မြန်မာ့အသံသတင်းများကို နေ့စဉ် မွန်းလွဲ ၁ နာရီနဲ့ ည ၈ နာရီတို့မှာ တိုက်ရိုက်ရယူ ထုတ်လွှင့်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ဆက်လက်ပြီး ရွှေသံလွင်ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ 200 Meter Transmission work station လုပ်ငန်းခွင်ကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ရှိသူတွေက သဘာဝဘေးဒဏ်ဖြစ်ပွားမှုတွေ ကြုံတွေ့ခဲ့ရပေမဲ့လည်း တာဝါတိုင်နဲ့ အလုပ်ရုံတို့ကို ထိခိုက်မှုမရှိဘဲ ကြံ့ခိုင်ကောင်းမွန်နေမှု၊ လာမဲ့နှစ်တွေမှာ တာဝါတိုင်ကို ဆေးသုတ်ပြီး ထိန်းသိမ်းဖို့ စီစဉ်ထားမှု၊ Satellite Transmitter Antenna လုပ်ငန်းစဉ်တွေအတိုင်း MRTV၊ Forever၊ Sky Net၊ပတ္တမြားFMတို့က ရယူအသုံးပြုနေမှုနဲ့ Sky Net DTH Control ကို လှည့်လည် အသုံးပြုနေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီနောက် Forever ကုမ္ပဏီရုံးချုပ်ကို သွားရောက်ခဲ့ပြီး CEO ဒေါက်တာ ဟိန်းထက်အေးနဲ့ အထွေထွေမန်နေဂျာ ဦးကျော်ကျော်တို့က ရုပ်သံလုပ်ငန်းတွေနေရာခွဲခြားဆောင်ရွက်နေမှုတွေထဲက လက်ရှိနေရာမှာ ရုံးချုပ်ရဲ့စီမံခန့်ခွဲမှုလုပ်ငန်းတွေနဲ့အတူ Mandalay FMနဲ့ ပဉ္စဝတီ FM (Teen Radio) ထုတ်လုပ်ရေးနဲ့ထုတ်လွှင့်ရေးတွေ ဆောင်ရွက်နေမှု၊ Mandalay FMနဲ့ ပဉ္စဝတီ FMကို Teen Radio နာမည်နဲ့ ထုတ်လွှင့်နေမှုတွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းဟာ အသံလွှင့်စတူဒီယိုတွေကို လိုက်လံကြည့်ရှုခဲ့ပြီး FM ပရိသတ်တွေကို နှုတ်ခွန်းဆက်စကား ပြောကြားတဲ့ တိုက်ရိုက် (Live) ထုတ်လွှင့်မှုမှာ
ပါဝင်ပြီး FM ပရိတ်သတ်တွေကို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။