လာမည့်ဖေဖော်ဝါရီ ရုံးပိတ်ရက်ရှည်ကာလ ပုဂံတွင် အခန်းများပြည့်နေ
လာမည့် ဖေဖော်ဝါရီ ရုံးပိတ်ရက်ရှည်ကာလအတွက် ပုဂံဒေသရှိ ဟိုတယ်အခန်းများ ကြိုတင် ဘိုကင်များဖြင့် ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်များမှ စုံစမ်းသိရှိရသည်။
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိရာ ပုဂံဒေသသို့ ရုံးပိတ်ရက်ရှည်ကာလ၌ ခရီးသွားမပြတ် ဝင်ရောက်လျက်ရှိသည်။
ယခုအခါ လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့)မှစ၍ ဖေဖော်ဝါရီလ ၁၇ ရက် (တရုတ်နှစ်သစ် ကူးနေ့)အထိ ရက်ရှည်ပိတ်ရက် ခြောက်ရက်တာကာလအတွင်း ပုဂံယဉ်ကျေးမှုဒေသသို့ ခရီးသွားဧည့်သည်များ သွားရောက်မှုများပြားမည်ဖြစ်သည်။
ပြည်တွင်း၊ပြည်ပခရီးသွားများ ပုဂံဒေသသို့ ရောက်ရှိချိန်တွင် ပြည်တွင်းခရီးသွားများအနေဖြင့် အထင်ကရဘုရားများ၊ စေတီ ၁၈ ဆူနှင့် ပုဂံအမှတ်တရနေရာများသို့ လည်ပတ်လေ့ရှိပြီး ပြည်ပခရီးသွားများအနေဖြင့် ရှေးဟောင်း စေတီပုထိုးများ၊ ဧရာဝတီမြစ်ကမ်းပါး၊ အပန်းဖြေနေရာများ၊ ညနေဆည်းဆာနေရာများနှင့် ရိုးရာလက်မှုလုပ်ငန်း များကို ကြည့်ရှုလေ့လာလေ့ရှိကြောင်း သိရသည်။
ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုသည် တစ်ပတ်လျှင် ဘုရားဖူး ၅၀,၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ရုံးပိတ်ရက်ရှည်ကာလတွင် တစ်ရက်လျှင် ခရီးသွား ၁၀,၀၀၀ နီးပါး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
နှစ်သစ်ကူးပိတ်ရက်ကာလတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပြင်သစ်၊ ပိုလန်၊ စပိန်၊ ကနေဒါ၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားများဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၇ ရက်အထိ တစ်ဆက်တည်းပိတ်ရက်ဖြစ်သည့်အတွက် ပြည်တွင်းခရီးသွားများအပြင် နိုင်ငံခြားခရီးသွားများလည်း နှစ်ဆန်းပိုင်း နှစ်သစ်ကူးပိတ်ရက်ထက် ပိုမိုစည်ကားစွာ ခရီးသွားဝင်ရောက်လာနိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း များက ခန့်မှန်းထားသည်။