တောင်ကိုရီးယား သမ္မတဟောင်းကို ရုံးထုတ်စစ်ဆေးမှု စတင်ပြီ
ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသည့် တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်ကို စွဲဆိုထားသော နိုင်ငံရေးရန်ပုံငွေအက်ဥပဒေချိုးဖောက်မှု စွဲချက်များအတွက် ရုံးထုတ်စစ်ဆေးမှုကို အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
ယွန်းနှင့် ပတ်သက်သည့် အမှုအတွက် ပထမအကြိမ် ရုံးမတင်မီ ပြင်ဆင်မှု ကြားနာပွဲကို ဒေသစံတော်ချိန် မွန်းလွဲ ၂:၀၀ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၅:၀၀ နာရီ) တွင် ပြုလုပ်မည်ဖြစ်သည်။
ယွန်းသည် ၎င်း၏ဇနီးဖြစ်သူ ကင်မ်ဂွန်ဟီး နှင့် ပူးပေါင်းကာ သမ္မတရွေးကောက်ပွဲ မတိုင်မီ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံရေးပွဲစားတစ်ဦးထံမှ တရားမဝင် လူထုသဘောထားစစ်တမ်းများကို အခမဲ့ ရယူခဲ့သည်ဟု စွပ်စွဲခံထားရသည်။
ရုံးမတင်မီ ပြင်ဆင်မှု ကြားနာပွဲများမှာ တရားဝင် ကြားနာမှုများ မစတင်မီ တရားလိုနှင့် တရားခံတို့၏ သဘောထား အမြင်များကို ကြားနာရန် ပြုလုပ်ခြင်းဖြစ်ပြီး တရားခံအနေဖြင့် ပြင်ဆင်မှုကြားနာပွဲများသို့ တက်ရောက်ရန် တာဝန်မရှိကြောင်းသိရသည်။
အလားတူ စွဲချက်များဖြင့် ဖမ်းဆီး တရားစွဲဆိုခြင်း ခံထားရသည့် ယွန်း၏ဇနီးမှာ ဗုဒ္ဓဟူးနေ့တွင် ပထမအကြိမ် ကနဦး စီရင်ချက်ချမှုကို ရင်ဆိုင်ရရန် အချိန်ဇယား သတ်မှတ်ထားကြောင်း သိရသည်။