1 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ရွှေဈေး ထပ်မံစံချိန်ချိုး မြင့်တက်လာမှုနဲ့အတူ မြန်မာ့ရွှေဈေး ၁၀၆ သိန်းဝန်းကျင် ရောက်ရှိလာ​ပေမယ့် အ​ရောင်းအဝယ် သိပ်မဖြစ်

ကမ္ဘာ့ရွှေ သမိုင်းဝင် စံချိန်တင်ဈေး တအောင်စ ဒေါ်လာ ၅၀၀၀ ကျော်အထိ မြင့်တက်နေမှုနဲ့အတူ မြန်မာ့ရွှေဈေးဟာလည်း ကျပ် ၁၀၆ သိန်းဝန်းကျင်ကို ရောက်ရှိလာနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
လက်ရှိမှာ ရွှေဈေး အတက်ကြမ်းနေတာကြောင့် ရွှေဆိုင်အများစု အရောင်းအဝယ် ခေတ္တ ရပ်ထားကြကာ ဈေးကွက် အခြေအနေကို စောင့်ကြည့်နေကြပြီး ရွှေဆိုင်ပိုင်ရှင် တချို့ကတော့ အဖမ်းအဆီးတွေကို စိုးရိမ်တဲ့အတွက် ရှောင်တိမ်းနေကြတယ်လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
“ရှောင်နေတာကတော့ ဈေးတွေ ၁၀၀ ကျော် တက်ကတည်းက ရှောင်နေကြတာ။ ကမ္ဘာ့ဈေးကလည်း နေ့တိုင်းတက်နေတော့ ဒီမှာလည်း ပြည်တွင်းရွှေဈေးက နေ့တိုင်းတက်နေတယ်။ ဒါကြောင့် အခေါက်ရောင်းတဲ့ ဆိုင်တချို့လည်း အရောင်းအဝယ် ပိတ်ကြတယ်ကြားတယ်” လို့ သူက ပြောပါတယ်။
ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက် (တနင်္လာနေ့) တပတ်တာ ဈေးကွက်ဖွင့်ရက်၊ မနက်ပိုင်းမှာ ကျပ် ကိုးဆယ့်ကိုးသိန်း ခုနစ်သောင်းဝန်းကျင်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၆ ရက် (တနင်္လာနေ့) မနက်ပိုင်းမှာတော့ ကျပ် တရာ့ငါးသိန်း ခုနစ်သောင်းဝန်းကျင်မှာ ရှိနေခဲ့ပေမယ် နေ့လယ်ပိုင်း အချိန်မှာတော့ ကျပ် ၁၀၆ သိန်းဝန်းကျင်ကို ရောက်ရှိနေတာကြောင့် တပတ်အတွင်း ကျပ် ခြောက်သိန်းကျော် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။
“အခုက ရွှေဈေးက စံချိန်တွေကလည်း တခေါက်ပြီးတခေါက် ချိုးနေတာဆိုတော့ ဆက်တက်မလား၊ ပြန်ကျမလား ဆိုတာက မှန်းရတော်တော် ခက်နေပါတယ်။ ကမ္ဘာ့ဈေးကလည်း ၅၀၀၀ ကျော်နေပြီ။ ဒီဈေးဖြစ်မယ်လို့တောင် မထင်ထားဘူး။ အဲဒီတော့ ၆၀၀၀ ဆက်ဖြစ်မလား၊ ၄၀၀၀ အထိ ပြန်ကျမလား ဆိုတာကတော့ မှန်းရခက်တဲ့အချိန် ဖြစ်ပြီး အ​​ရောင်းအဝယ်​အေးနေတယ်” လို့ ရွှေကုန်သည် တယောက်က ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက် (တနင်္လာနေ့)၊ မနက်ပိုင်းက တအောင်စ ၄၆၆၆ ဒေါ်လာဝန်းကျင်မှာ ရှိနေခဲ့တာဖြစ်ပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ ၅၀၉၄ ဝန်းကျင်ကို ရောက်ရှိနေတာကြောင့် တပတ်အတွင်း တအောင်စ ဒေါ်လာ ၄၂၀ ကျော် ထပ်မံ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
“အမေရိကန် ပြည်တွင်းမှာ ပြဿနာတွေဖြစ်တိုင်း အမေရိကန် ခေါင်းဆောင်တွေက ပြည်ပမှာ စစ်ပွဲ သေးသေးလေးတွေ ဆင်နွှဲပြီး အာရုံလွှဲတတ်တာကြောင့် ကမ္ဘာကြီး ပိုမငြိမ်ဖြစ်လေလေ ရွှေစျေး တက်လေလေပါ” လို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
လက်ရှိမှာ ရွှေဈေးနှုန်းတွေ အတက်ကြမ်းနေပေမယ့် ငွေလဲဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာဈေး အနည်းငယ် ပြန်လည် ကျဆင်းလျက်ရှိနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယပတ်က ၄၁၀၀ ကျော်အထိ အတက်ရှိခဲ့တဲ့ ဒေါ်လာဈေးဟာ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်မှာ တဒေါ်လာ ပြင်ပပေါက်ဈေး ၄၀၂၅ ကျပ် ဝန်းကျင်ကို ရောက်ရှိနေပါတယ်။
ပြည်တွင်းက ပြင်ပ ရွှေဈေးကွက်အတွင်း ကမ္ဘာ့ဈေးနဲ့အတူ ရွှေဈေးနှုန်းတွေ ပြောင်းလဲ မြင့်တက်နေပေမယ့် ရန်ကုန်တိုင်းရွှေအသင်း (YGEA) ရဲ့ ရည်ညွှန်းဈေးကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့ကနေ ဒီကနေ့အချိန်အထိ ကျပ် သိန်း ၆၀ မှာသာ မပြောင်းမလဲ ရှိနေဆဲ ဖြစ်ပါတယ်။

image