3 ရက် - ဘာသာပြန်ပါ။

ယူနိုက်တက်ရှုံးပွဲမှ လက်ထိဘောနှစ်ခု ဆုံးဖြတ်ချက်အတွက် VAR ကို အာဆင်နယ်ပရိသတ်များ ဒေါသထွက်နေကြ
=====================

အာဆင်နယ်ပရိသတ်များဟာ အမ်းမရိတ်ကွင်းတွင် ယူနိုက်တက်အား ရှုံးနိမ့်တဲ့ ပွဲစဉ်တွင် လက်ထိဘောမှ တဆင့် ပက်ထရစ်ဒေါ်ဂူး ဂိုးသွင်းယူသွားခဲ့အပြင် လက်ထိဘောမှ တဆင့် ပင်နယ်တီ မရရှိခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက်များအပေါ် အကြီးအကျယ် ဒေါသထွက်လျက်ရှိကြပါတယ်။
အသက် ၂၁ နှစ်ရှိ ပက်ထရစ်ဒေါ်ဂူးဟာ ပွဲချိန် ၅၀ မိနစ်တွင် ဧရိယာအပြင်မှ တဆင့် ယူနိုက်တက်အတွက် ဂိုးသွင်းယူခဲ့ပါတယ်။
ဒေါ်ဂူးဟာ ဘရူနိုဖာနန်ဒက်စ်ထံမှ ဘောလုံးပေးပို့မှုအား ဖိအားအောက်တွင် လက်ခံရယူစဉ် လက်ထိပြီးနောက် ကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဒေါ်ဂူးဟာ ယင်းဂိုးအား သွင်းယူပြီးနောက် အောင်ပွဲခံခဲ့ပေမယ့်လည်း VAR ရဲ့ ဆုံးဖြတ်ချက်အား စောင့်ဆိုင်းခဲ့ရပါတယ်။
VAR ဒိုင်များဟာ ယင်းဂိုးအား ပြန်လည်စစ်ဆေးပြီးနောက် ကွင်းတွင်း ဒိုင်လူကြီးခရစ်ပေါဆင်အား ကွင်းဘေးမော်နီတာတွင် ပြန်လည်စစ်ဆေးရန် ညွှန်ကြားခဲ့ခြင်း မရှိပါဘူး။
VAR ဒိုင်ပေါလ်တီယာနေးဟာ ကွင်းတွင်း ဒိုင်လူကြီးရဲ့ မူရင်းဆုံးဖြတ်ချက်ကိုပင် အတည်ယူခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းအဖြစ်အပျက်ပြီးနောက် ပွဲပြီးရန် မိနစ် ၂၀ ခန့်အလိုတွင် မီခေးလ်မိုရီနိုရဲ့ ကန်ချက်မှာ ဟယ်ရီမက်ဂွိုင်းယားရဲ့လက်နှင့် ထိခဲ့ပါတယ်။
ဒါပေမယ့် VAR ဒိုင်တို့က အင်္ဂလန်နောက်ခံလူမှာ ရည်ရွယ်ချက်ရှိရှိ ဘောလုံးကို လက်ဖြင့် တားခြင်း မဟုတ်ဘဲ လဲကျချိန်တွင် ခန္ဓာကိုယ်အနေအထားကြောင့်သာ လက်ထိခဲ့ခြင်းလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အာဆင်နယ်ပရိသတ်များဟာ ယင်း ဆုံးဖြတ်ချက်နှစ်ခုအပေါ်တွင် အကြီးအကျယ် အံ့ဩသင့်နေကြပါတယ်။
အာဆင်နယ်ပရိသတ်တစ်ဦးက "ဂုဏ်သရေရှိ လူကြီးလူကောင်းအပေါင်းတို့။ အာဆင်နယ်ဟာ ဒိုင်တွေနဲ့ ယူနိုက်တက်ရဲ့ လုယက်ခံလိုက်ရပါတယ်။ မက်ဂွိုင်းယား အရှင်းကြီး လက်ထိတာ ပင်နယ်တီမပေးဘူး။ VAR က ဘာမှ မလုပ်ဘူ။ တကယ့်ကို ရှက်စရာကြီး"လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း "လက်ထိဘောလုံးစည်းမျဉ်းနဲ့ပတ်သက်ပြီး ဘာမှန်းကို မသိတော့ဘူး။ မက်ဂွိုင်းယားကို အရှင်းကြီး လက်ထိတယ်။ သူ ချော်လဲရာကနေ ဘောလုံးကို လက်နဲ့ ထိသွားတယ်ဆိုပေမယ့် ကန်ချက်က ဂိုးဝင်သွားနိုင်တယ်လေ။ ကန်ချက် လက်ထိသွားရင် ပင်နယ်တီမဟုတ်ဘူးလား"လို့ ဆိုသွားပါတယ်။

image