ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) တွင် ၅၅ ရာခိုင်နှုန်းခန့် မဲပေးမှုရှိဟု ပြော
------------------------
ရွေးကောက်ပွဲ အပိုင်း (၁) နဲ့ (၂) မှာ ပျှမ်းမျှအနေနဲ့ ပြည်သူလူထု ၅၅ ရာခိုင်နှုန်းလောက် ဆန္ဒမဲပေးခဲ့တာကို တွေ့ရတဲ့အတွက် အောင်မြင်တဲ့ ရွေးကောက်ပွဲတစ်ခုလို့သတ်မှတ်နိုင်ပြီး ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုကို တွေ့မြင်ရတယ်လို့ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဇန်နဝါရီ ၂၅ ရက်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမမှာ မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တွေ့ဆုံ အမှာစကား ပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ မိမိတို့ အနေနဲ့ စစ်မှန်စည်းကမ်းပြည့်ဝပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပနိုင် ရေး စီမံဆောင်ရွက်ခဲ့ပြီး မဲမသမာမှုတွေ ဖြစ်ပေါ်မှု မရှိစေရေးအတွက် MEVM စက်တွေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်တယ် လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မဲမသမာမှုမရှိတဲ့ ရွေးကောက်ပွဲ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ နဲ့ ဆန္ဒမဲပေးကြတဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒ အမှန်နဲ့ လိုလားတဲ့ ရလဒ်တွေ ထွက်ပေါ်လာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ မိမိတို့အနေနဲ့ ရွေးကောက်ပွဲကျင်းပ အပြီး အနိုင်ရရှိတဲ့ အစိုးရအဖွဲ့ကို နိုင်ငံတော်ရဲ့ တာဝန်တွေကို လွှဲပြောင်းပေးသွားမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မိမိတို့ အစိုးရအနေနဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခဲ့ပြီး နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေလည်း လာရောက်လေ့လာခဲ့ကာ အပြု သဘောဆောင်တဲ့ မှတ်ချက်များစွာကိုလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်မှာ နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေ ဘယ်လိုပင် ပြောင်းလဲခဲ့ပေမဲ့ တပ်မတော်အနေနဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး တာဝန်တွေကို တို့တာဝန်အရေးသုံးပါး ဦးထိပ်ထားပြီး ဒီကနေ့ထက်တိုင် မမှိတ်မသုန် ထမ်းဆောင်နေတာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။