အစိုးရသစ်တစ်ရပ်မဖွဲ့စည်းမှီအတွင်း မန္တလေးမြို့သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်ရမည်
အစိုးရသစ်တစ်ရပ်မဖွဲ့စည်းမှီအတွင်း မန္တလေးမြို့သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
နိုင်ငံတော် ယာယီသမ္မတမှ ယနေ့ ဇန်နဝါရီ ၂၅ ရက်မွန်း လွဲပိုင်းက မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မန္တလေးမြို့၊ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် လိုအပ်သည်များကိုလမ်းညွှန်မှာကြားစဥ် ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့တွင်းရှိ လမ်းမကြီးများ၊ လမ်းသွယ်များနှင့် မြို့တွင်းသန့်ရှင်းသာယာလှပမှုကောင်းမွန်သည်ကိုတွေ့ရှိရပြီး စည်ပင်သာယာရေးဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ငန်းတာဝန်ကျေပွန်မှု၊ မြို့သူ/မြို့သားများ၏ စည်းကမ်းစနစ်တကျရှိမှုကြောင့်ဖြစ်သည်ကို ဝမ်းမြောက်အသိအမှတ်ပြုသည်ဟု ပြောသည်။
"ရွေးကောက်ပွဲပြီးလို့ လာမယ့် မတ်လကုန်မှာ အစိုးရသစ်တစ်ရပ်တက်လာမှာဖြစ်ပါတယ်။ အစိုးရသစ်တစ်ရပ်မဖွဲ့စည်းမှီကြားကာလအတွင်းမှာ မန္တလေးမြို့ရဲ့ မြို့သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်ရပါမယ်။ ငလျင်ဘေးအလွန်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်းဆက်လက်ဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော် ယာယီသမ္မတက မှာကြားသည်။
ထို့ပြင် ကြားကာလ(၂)လတာအတွင်းဆောင်ရွက်ပြီး စီးနိုင်မည့် မြို့သာယာလှပရေးလုပ်ငန်းများကို ဦးစား ပေးဆောင်ရွက်ရမည်ဖြစ်ကာ အဓိကလမ်းမကြီးများ၌ လမ်းလယ်မျဉ်းများဆွဲခြင်း၊ လမ်းညွှန်အမှတ်အသားများအသစ်ပြန်လည်ပြုလုပ်ခြင်းတို့အပါအဝင် အချိန်တိုအတွင်းပြီးစီးနိုင်မည့် လုပ်ငန်းများကိုဖော်ဆောင်ရမည်ဖြစ်ပြီး လမ်းလယ်ကျွန်းများ၊ ပလက်ဖောင်းများ၌ သဲ၊ မြေကြီးနှင့် အမှိုက်များဖုံးနေခြင်းများကိုရှင်းလင်းရမည်ဟု မှာကြားသည်။
ထို့အတူ ပလက်ဖောင်းများပြုပြင်မွမ်းမံထိန်းသိမ်းခြင်း၊ ရေဝင်/ထွက်ပေါက်များပိတ်ဆို့မှုမရှိစေရေးနှင့် စနစ်တကျဖြစ်စေရေးထိန်းသိမ်းဆောင်ရွက်ခြင်း၊ မန္တ လေးမြို့အတွင်း လေထုညစ်ညမ်းမှုကိုစစ်ဆေးခြင်း၊ ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရမည်ဟု နိုင်ငံတော် ယာယီသမ္မတမှ မှာကြားခဲ့သည်။