ရလဒ်ဆိုးရွားမှုကြောင့် လေ့ကျင့်ရေးကွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ မော်ရင်ဟိုကို ဘင်ဖီကာပရိသတ် ၂၀၀ နီးပါး ပြဿနာရှာ
=======================

ဘင်ဖီကာပရိသတ် ၂၀၀ နီးပါးတို့ဟာ အသင်းရဲ့ ရလဒ်ဆိုးရွားနေမှုနှင့်အတူ စနေနေ့ နံနက်ပိုင်းတုန်းက ဆိုက်ဆယ်လ်ရှိ ကလပ်ရဲ့ လေ့ကျင့်ရေးကွင်းသို့ ထိုးဖောက် ဝင်ရောက်လာခဲ့ကြပါတယ်။
ဘင်ဖီကာပရိသတ်များဟာ နည်းပြဟိုဆေးမော်ရင်ဟို၊ နောက်ခံလူနီကိုလပ်စ်အော့တာမန်ဒီ၊ နည်းစနစ်ဒါရိုက်တာဆီမာအိုဆာဘရိုဆာတို့အား အသင်းရလဒ်ဆိုးရွားမှုအတွက် ဒေါသတကြီး ပြောဆိုကာ အဖြေပေးရန် ပြောဆိုခဲ့ကြပါတယ်။
အထက်အဖြစ်အပျက်မှာ ဘင်ဖီကာရဲ့ ယနေ့ည Estrela Amadora နှင့်ပွဲစဉ်မတိုင်မီ နာရီအနည်းငယ်အလိုတွင် ဖြစ်ပျက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဘင်ဖီကာဟာ ပေါ်တူဂီလိဂ်ဖလားမှ ထွက်ခွာထားရသလို ချန်ပီယံလိဂ်မှလည်း ထွက်ခွာရရန် သေချာထားပြီး ဖြစ်ကာ အမှတ်ပေးဖလားပြိုင်ပွဲတွင်လည်း ထိပ်ဆုံးမှ ခါးသီးတဲ့ ပြိုင်ဘက် ပေါ်တိုနှင့် ၁၀ မှတ်အထိ ကွာဟနေပါတယ်။
ဘင်ဖီကာပရိသတ်များ လေ့ကျင့်ရေးကွင်းအပြင်ဘက်တွင် စုရုံးဆန္ဒပြနေစဉ် ရြတပ်ဖွဲ့ဝင်များ ရောက်လာခဲ့ပေမယ့်လည်း ပရိသတ်များဘက်က ငြိမ်းချမ်းစွာ ဆန္ဒပြမယ်လို့ ကတိပြုခဲ့တာကြောင့် လေ့ကျင့်ရေးကွင်းအတွင်းသို့ ဝင်ခွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ပရိသတ် ၂၀၀ နီးပါးတို့ဟာ လေ့ကျင့်ရေးကွင်းသို့ ဝင်ရောက်လာပြီးချိန်တွင် အသင်းရဲ့အရေးပါတဲ့ သူများနှင့် တွေ့ဆုံခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်များထဲမှ ၄ ဦးကိုသာ ကလပ်တွင်းသို့ ဝင်ခွင့်ပေးခဲ့ပါတယ်။
ပရိသတ်ဘက်က ယင်းကို လက်မခံဘဲ အားလုံး ဝင်ခွင့်ပေးရမယ်လို့ တောင်းဆိုခဲ့ရာ ဝင်ခွင့်ရရှိပြီးနောက် မော်ရင်ဟို၊ အော့တာမန်ဒီ၊ ဆီမာအိုတို့နှင့် တွေ့ဆုံခဲ့ပါတယ်။
၎င်းတို့အကြားတွင် အချိန်အတန်ကြာ တွေ့ဆုံ စကားပြောခဲ့ကြပေမယ့် လူသိရှင်ကြား ထုတ်ပြန်တာမျိုးတော့ မရှိပါဘူး။
ဒါပေမယ့် ပရိသတ်ဘက်က ရလဒ်အမြန်ဆုံး ကောင်းမွန်လာ‌ရေး အဓိကထား တောင်းဆိုခဲ့ကြတယ်လို့ ယုံကြည်ရပါတယ်။

image