အမိုရမ်လက်ထက် ပျင်းစရာကောင်းတဲ့ လေ့ကျင့်ခန်းအစီအစဉ်များကြုံခဲ့ရပေမယ့် ကာရစ်လက်အောက်တွင် ပျော်ရွှင်လာကြတဲ့ ယူနိုက်တက်စတားများ
=====================
ယူနိုက်တက်စတားများဟာ ရူဘင်အမိုရမ်ရဲ့ နည်းပြရာထူးအား မိုက်ကယ်ကာရစ် လွဲပြောင်းရယူလိုက်ပြီးနောက်ပိုင်းတွင် ယူနိုက်တက်လေ့ကျင့်ခန်းအစီအစဉ်များတွင် ပျော်ရွှင်မှုများ ပြန်လည် ရရှိလာကြကြောင်း သိရပါတယ်။
ယူနိုက်တက်စတားများက မိုက်ကယ်ကာရစ်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်များမှာ အချိန်တိုတောင်းပေမယ့်လည်း ပိုမိုပြင်းထန်လာပေမယ့် အရေးအကြီးဆုံးအချက်ဖြစ်တဲ့ ပျော်စရာကောင်းလာမှုအပေါ် ကျေနပ်နေကြပါတယ်။
အမိုရမ်လက်အောက်မှာတုန်းက ယူနိုက်တက်စတားများဟာ ကွင်းအတွင်း စစ်တုရင်ကစားသလို လေ့ကျင့်ခန်းဆင်းရကာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အားစိုက်ခဲ့ရပါတယ်။
ယူနိုက်တက်အတွင်းလူတစ်ဦးက "အမိုရမ်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေက ပင်ပန်းတယ်။ အရေးအကြီးဆုံးက ပျင်းစရာကောင်းတာပါ။ သူက နည်းစနစ်ပိုင်းအချက်အလက်အသေးစိတ်ကို အာရုံစိုက်တယ်။ ကစားသမားတွေဟာ လေ့ကျင့်ရေးကွင်းပြင်ပမှာ အကြာကြီးနေရသလို တခါတလေကြပြန်တော့လည်း ပြင်းထန်မှု မရှိဘူး။ သူတို့ ရယူရတဲ့ အချက်အလက်အသေးစိတ်တေကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်စေတယ်။ ကာရစ်လက်ထက်မှာတော့ လုံးဝ ကွဲပြားတယ်။ တိုတယ်၊ ပြတ်သားတယ်။ ဒီတော့ ကစားသမားတွေ ပိုပျော်တာပေါ့။ သူတို့က မန်စီးတီးနဲ့ပွဲတုန်းက ခြေစွမ်းပြနိုင်ခဲ့တာ ကာရစ်ရဲ့ ချဉ်းကပ်ပုံရဲ့ တိုက်ရိုက်အကျိုးသက်ရောက်တဲ့ရလဒ်လို့ ယုံကြည်ကြတယ်"လို့ ပြောကြားသွားပါတယ်။
မိုက်ကယ်ကာရစ်ရဲ့ လေ့ကျင့်ခန်းစနစ်များအပေါ်တွင် ကျေနပ်နေသူများထဲတွင် ယူနိုက်တက်ရဲ့ လက်ရှိအသင်းတွင် အရှည်ကြာဆုံးကစားသမားဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယားလည်း ပါဝင်ပါတယ်။
မန်စီးတီးကို အနိုင်ရတဲ့ပွဲအပြီးမှာ မက်ဂွိုင်းယားက "သူက တကယ့်ကိုကောင်းတဲ့ စိတ်ကူးတွေ ရှိတယ်။ စကားပြောတာကောင်းတယ်။ နည်းစနစ်ပိုင်းမှာလည်း သူက အရမ်းအရမ်းကောင်းတယ်။ ပြီးတော့ မန်နေဂျာအဖြစ် မစ်ဒယ်ဘရော့မှာ အတွေအကြုံ အများကြီးရခဲ့တယ်။ သူ့စိတ်ကူးစိတ်သန်းတွေကို ဒီမှာ အကောင်အထည်ဖော်လာပါလိမ့်မယ်"လို့ ပြောကြားသွားပါတယ်။
ကာရစ်ဟာ ယူနိုက်တက်ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ပထမဆုံးပွဲအဖြစ် စနေနေ့တုန်းက မန်စီးတီးနှင့်ပွဲအား ကိုင်တွယ်ခဲ့ရာ ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ သူဟာ ယနေ့ညတွင် ဒုတိယမြောက်ပွဲအဖြစ် အာဆင်နယ်နှင့်ပွဲအား ကြီးကြပ်ရပါမယ်။