1 ရက် - ဘာသာပြန်ပါ။

စပါးစ်သို့ ပြောင်းရေး ဆွေးနွေးနေတဲ့ ရောဘတ်ဆင်ကို လိုအပ်နေဆဲ ဖြစ်ကြောင်း အန်းဆလော့ ပြောကြားလာ
=====================

လီဗာပူးနည်းပြအန်းဆလော့က ယခုဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် စပါးစ်သို့ ပြောင်းရေး ဆွေးနွေးနေတဲ့ ဘယ်နောက်ခံလူအင်ဒီရောဘတ်ဆင်အား အသင်းတွင် လိုအပ်နေဆဲ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
လီဗာပူးနည်းပြအန်းဆလော့ဟာ ဒဏ်ရာပြဿနာများစွာ ကြုံတွေ့နေရမှုနှင့်အတူ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမား ဆုံးရှုံးလိုခြင်း ရှိမနေပါဘူး။
ရောဘတ်ဆင်ဟာ ယခုရာသီအကုန်တွင် လီဗာပူးနှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ယခုဇန်နဝါရီတွင်ပင် စပါးစ်ရဲ့ ခေါ်ယူရေး ကြိုးပမ်းခြင်းခံနေရပါတယ်။
မြောက်လန်ဒန်ကလပ်ဟာ အသက် ၃၁ နှစ်ရှိ အင်ဒီရောဘတ်ဆင်ရဲ့ ခြေစွမ်းအပြင် အသင်းခေါင်းဆောင်အရည်အသွေးနှင့် အတွေ့အကြုံများအပေါ်တွင်လည်း နှစ်သက်သဘောကျနေပါတယ်။
ရောဘတ်ဆင်ဟာ စနေနေ့တုန်းက ဘုန်းမောက်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် အရန်ခုံမှာ ထိုင်နေခဲ့ရပေမယ့်လည်း ဒုတိယပိုင်းတွင် မီလို့စ်ကာကတ်ဇ်အား လူစားဝင်ရောက် ကစားခဲ့ပါတယ်။
ဆလော့က ဘုန်းမောက်နောက်ခံလူဟောင်းမှာ တစ်နာရီထက် ပိုပြီး ပွဲကစားရန် ကြံ့ခိုင်မှုပြည့်ဝခြင်း မရှိကြောင်း ဆိုလာပါတယ်။
ဆလော့က "ကစားသမားတွေ အားလုံးကို လိုအပ်တယ်လို့ ထင်တယ်။ ရော့ဘို(ရောဘတ်ဆင်)က ဒုတိယပိုင်းမှာ ဝင်ကစားတယ်။ မီလို့စ်အတွက် ဘုန်းမောက်နဲ့ပွဲမှာ မိနစ် ၉၀ ထပ်ကစားဖို့ မဖြစ်နိုင်ဘူးဆိုတာ သိထားပြီးသားပါ။ ရောဘတ်ဆင်ကို ထည့်သွင်းရမယ်ဆိုတာ သိထားပြီးသားပါ"လို့ ပြောကြားသွားပါတယ်။
လီဗာပူးဟာ ဘုန်းမောက်အား ရှုံးနိမ့်ကာ ပြိုင်ပွဲအရပ်ရပ် ၁၃ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း အဆုံးသတ်သွားခဲ့ပါတယ်။
ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပိတ်မှာ ဖြစ်ပြီး တစ်ပတ်ကျော် အချိန်ကျန်ပါသေးတယ်။ စပါးစ်နှင့် လီဗာပူးတို့ဟာ ရောဘတ်ဆင်အပြောင်းအရွှေ့အတွက် ဆွေးနွေးနေကြပြီး ပေါင် ၆ သန်းဖြင့် အပြောင်းအရွှေ့ဖြစ်လာနိုင်တယ်လို့လည်း သတင်းထွက်နေပါတယ်။

image