ပွဲတိုင်း အနိုင်ရလျှင်ပင် ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် မခန့်အပ်သင့်ကြောင်း ရွိုင်ကိန်း ပြောကြားလာ
=====================

ရွိုင်ကိန်းက ပက်ဂွါဒီယိုလာနှင့် မီခေးလ်အာတီတာတို့အား ဆက်တိုက် အနိုင်ယူလာနိုင်ခဲ့ပေမယ့်လည်း မိုက်ကယ်ကာရစ်ကို ယူနိုက်တက်အမြဲတမ်းနည်းပြအဖြစ် မခန့်အပ်သင့်ဘူးလို့ ပြောဆိုနေဆဲ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဟာ ကစားသမားဘဝပြိုင်ဘက်ဟောင်းပက်ထရစ်ဗီအဲရာ၊ မီကာရစ်ချက်တို့နှင့် Sky Sports ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် သူ့ယုံကြည်ချက်ကို ဆက်လက်ကိုင်စွဲပြောဆိုလာတာလည်း ဖြစ်ပါတယ်။
အသက် ၄၄ နှစ်ရှိ ကာရစ်ဟာ ယူနိုက်တက်အား ယာယီနည်းပြအဖြစ် ၅ ပွဲ ကိုင်တွယ်ထားရာတွင် ပက်ဂွါဒီယိုလာ၊ မီခေးလ်အာတီတာ(၂ ကြိမ်)၊ အူနိုင်းအမ်မရီတို့အား အနိုင်ရထားပြီး တူချယ်နှင့် သရေကစားထားနိုင်ပါတယ်။
ကာရစ်ဟာ နောက်ဆုံးပွဲတွင် တနင်္ဂနွေနေ့ညတုန်းက အာတီတာရဲ့ အာဆင်နယ်ကို အမ်းမရိတ်ကွင်းတွင်ပင် ၃-၂ ဖြင့် နောက်ကလိုက်ကစားကာ အနိုင်ယူခဲ့ပါတယ်။
အာဆင်နယ်နိုင်ပွဲကြောင့် ကာရစ်ဟာ ဒါရင်းဖလက်ချာထံမှ နည်းပြရာထူးအား လွဲပြောင်းရယူပြီးနောက် ၂ ပွဲကိုင်တွယ်ထားရာတွင် ၆ မှတ်ရယူထားနိုင်ပါတယ်။
ဒါပေမယ့် ရွိုင်ကိန်းကတော့ သူနှင့် ပုဂ္ဂိုလ်ရေး အဆင်မပြေမှု ဖြစ်ခဲ့ဖူးတဲ့ မိုက်ကယ်ကာရစ်ကို ယူနိုက်တက်အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေး မလိုလားနေပါဘူး။
ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သင့်သလားလို့ မေးမြန်းလာချိန်တွင် ရွိုင်ကိန်းက "မခန့်သင့်ဘူး။ အခုက မင်းတို့ မိုက်မဲနေတယ်။ ခြေစွမ်းအရမ်းကောင်းတဲ့နှစ်ပွဲ ရထားတယ်။ ဒါပေမယ့် ဘယ်သူမဆို နှစ်ပွဲ အနိုင်ယူနိုင်တာပဲလေ။ ရာသီအကုန်အထိ ဒီအတိုင်း ဆက်သွားပြီး အဆင့် ၄ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်တယ်ဆိုရင်တောင် သူ့ကို ဒီအလုပ်အတွက် သင့်တော်တဲ့သူလို့ ကျွန်တော် မမြင်ဘူး။ လုံးဝကို မမြင်တာ။ သူတို့ ပိုကြီး ပိုကောင်းတဲ့ နည်းပြလိုအပ်တယ်။ ဒါပေမယ့် သူ့မှာလည်း အခွင့်အရေးရနေတယ်။ သူ့အတွက် ဘယ်လောက်တောင် ကြီးမားတဲ့ အခွင့်အရေးလဲ။ ခင်ဗျားတို သိပါတယ်။ သူ ရခဲ့တယ်။ သူ့အတွက် မျှတပါတယ်"လို့ ပြောကြားသွားပါတယ်။
ယင်းနောက် ရွိုင်ကိန်းက ရာသီအကုန်အထိ လက်ကျန်ပွဲအားလုံးကို အနိုင်ရအောင် စွမ်းဆောင်နိုင်လျှင်ပင် ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် မသင့်တော်ကြောင်းလည်း ဆိုသွားပါတယ်။
ကာရစ်ဟာ ၂၀၂၁ ခုနှစ်တုန်းက ဆိုးလ်ရှား ထုတ်ပယ်ခံရစဉ်တုန်းက ယာယီနည်းပြအဖြစ် ၃ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေရလဒ်ရယူနိုင်ခဲ့ကာ ရေးဖ်ရန်းနစ်ခ်နှင့် အစားထိုးခန့်အပ်ခြင်းခံခဲ့ရပါတယ်။
သူဟာ ယူနိုက်တက်သို့ ယာယီနည်းပြအဖြစ် တကျော့ပြန် ရောက်လာချိန်တွင် မန်စီးတီး၊ အာဆင်နယ်တို့အား ဆက်တိုက် အနိုင်ယူထားနိုင်မှုနှင့်အတူ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေး တောင်းဆိုခြင်းခံလာရပါတယ်။
ကာရစ်အရေးနှင့်ပတ်သက်ပြီး ဆက်လက်ပြီး ရွိုင်ကိန်းက "တကယ့်ရလဒ်ကြီးနှစ်ခုပါ။ အခုကနေ ရာသီအကုန်အထိ ယူနိုက်တက် ပွဲတိုင်း အနိုင်ရနေတယ်ဆိုရင်တောင် ကျုပ်ကတော့ သူ့ကို ဒီအလုပ် မပေးဘူး။ ပိုကြီးမား၊ ပိုအတွေ့အကြုံရှိတဲ့ နည်းပြလိုနေတယ်လို့ ထင်တယ်။ ဒါက ရိုးရိုးရှင်းရှင်းလေးပါ။ ကာရစ် ပွဲတိုင်း နိုင်နိုင်တယ်။ သူ့အတွက် ချိန်သားကိုက်ရောက်လာတဲ့ ဒီအလုပ်က အရမ်းကောင်းတယ်။ အခု သူ ပျော်နေတယ်။ နိုင်ပွဲတွေ ရနေချိန်မှာ နည်းပြလုပ်ရတာ ပျော်တယ်။ ဒါပေမယ့် ကလပ်ရဲ့ ကြီးမားမှုကို တွေးလိုက်။ ပြီးတော့ နောက်နှစ်တွေမှာ ကလပ်ကြုံလာရမ့ယ့် စိန်ခေါ်မှုတွေကို ကြည့်လိုက်။ တကယ့် အကြီးကြီးတွေ။ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက ဂျေမီကာရစ် ပြောခဲ့တာ ပြောရရင် ယူနိုက်တက်ကို အမှတ်ပေးဖလားတွေ ရယူပေးနိုင်မယ်ဆိုတဲ့ သူ့ကို ခန့်လိုက်ပါ။ အခု ဒီမှာ ထိုင်နေတဲ့သူတွေ အားလုံး မိုက်ကယ်ကာရစ်က ယူနိုက်တက်ကို အမှတ်ပေးဖလားတွေ ရအောင် ယူပေးနိုင်တယ်သူလို့ ယုံကြည်လား။ နှစ်ပတ်ကတော့ ကျွန်တော့်အတွက် မလုံလောက်ဘူး"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် အာဆင်နယ်ဂန္ထဝင်ပက်ထရစ်ဗီအဲရာကမူ မိုက်ကယ်ကာရစ်မှာ အကောင်းဆုံးစွမ်းဆောင်ထားနိုင်ရာ အခြားလူငယ်နည်းပြများကဲ့သို့ ထိပ်တန်းကလပ်အား ဦးဆောင်နိုင်တဲ့ အခွင့်အရေးနှင့် ထိုက်တန်ကြောင်း ဆွေးနွေးသွားပါတယ်။
အာဆင်နယ်စတားဟောင်းက "အတွေ့အကြုံမရှိတဲ့ လူငယ်တွေလည်း အခွင့်အရေးတစ်ခုပေးဖို့ ထိုက်တန်ပါတယ်။ အင်တာမီလန်ကို ကြည့်လိုက်ရင် ခရစ္စတီယန်ချီဗူးရှိတယ်။ အခု စီးရီးအေမှာ ထိပ်ဆုံး ရပ်တည်နေတယ်။ အလုပ်ကောင်းကောင်း လုပ်နေတယ်။ သူ အမှတ်ပေးဖလား ရလာမယ်ထင်တယ်။ ကာရစ်လည်း ယူနိုက်တက်မှာ အခွင့်အရေးတစ်ခု ရသင့်တယ်လို့ ထင်တယ်"လို့ ဆိုသွားပါတယ်။
ဒါပေမယ့် ရွိုင်ကိန်းက လူငယ်နည်းပြများ အခွင့်အရေး ရရှိပြီး ကောင်းစွာ မလုပ်ဆောင်နိုင်တဲ့ သာဓကများစွာလည်း ရှိနေကြောင်း၊ အလုပ်ဖြစ်တဲ့ ကလပ်များရဲ့ အခြေအနေမှာ ယူနိုက်တက်အခြေအနေနှင့် လုံးဝ ကွဲပြားကြောင်းလည်း ဝေဖန်ထောက်ပြသွားပါတယ်။

image