မင်းလှမြို့နယ် မန်းသံပုရာကန် ရေနံချက်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ရွာတော်ကျေးရွာမန်းသံပုရာကန် ရေနံချက်စက်ရုံဝင်း၌ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့သည်။
ဇန်နဝါရီ ၂၃ ရက် နံနက် ၆ နာရီ ၁၅မိနစ်ခန့်ကမင်းလှမြို့နယ်မန်းသံပုရာကန်ရေနံချက်စက်ရုံဝင်းအတွင်းမီးလောင်မှုဖြစ်ပွားခဲ့ရာ မင်းဘူးခရိုင် မီးသတ်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းပါ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်စိုးလင်း ဦးစီးတပ်ဖွဲ့ဝင်များ၊ ထန်းကိုင်း၊ ရှမ်းတပ်၊ ဒဟတ်ပင်၊ လက်ပံတံခါး၊ လင်းကယ်၊ ညောင်ဝိုင်း၊ ရွာသာယာစသည့် နယ်မြေမီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များ၊ ထောက်ရှာပင်ရေနံမြေနှင့် မန်းသံပုရာကန်ရေနံချက်စက်ရုံတို့မှ သီးသန့်မီးသတ်
တပ်ဖွဲ့ဝင်များ၊ မန်းရေနံချက်စက်ရုံမှ ဝန်ထမ်းများစုစုပေါင်းသန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅၅ ဦး၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်ရှစ်စီး၊ မီးသတ် ရေသယ်ယာဉ်ငါးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်ခဲ့ပြီးည ၇ နာရီတွင် မီးလုံး၀ငြိမ်းသွားကြောင်း၊ မီးလောင်မှုအားရေဂါလန် ၃၅၀၀၀ ခန့်၊ Foam ဆေးရည်ဂါလန် ၁၅၀၊ 6kg မီးသတ်ဆေးဘူးနှစ်ဘူး၊ 3kg မီးသတ်ဆေးဘူးနှစ်ဘူးအသုံးပြုငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သံကန်အတွင်းမှ ရေနံစိမ်းအား ဆီနှင့် ရေခွဲခြားရန် ဘွိုင်လာနှိုး၍ ရေနွေးငွေ့ဖြင့် အပူပေးရာ အပူအအေးပြောင်းလဲမှုကြောင့် ပိုက်လိုင်းဖလန်းဆက် ပိုက်ဆက်ဝါရှာများမှ ရေနံစိမ်းနှင့် Gas များ Sprayပုံစံယိုစိမ့်ပြီးရေနွေးငွေ့အပူလှိုင်းပေါ်ကျရောက်မီးတောက်ပြီးသံကန်ဒိုက်အတွင်းရှိစွန့်ပစ်ထားသော ရေနံစိမ်းအနယ်အနှစ်များမှ စတင်လောင်ကျွမ်းခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့်လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။

image