ရုရှားက H5N1 ငှက်တုပ်ကွေးကာကွယ်ဆေးအသစ်ကိုထုတ်လုပ်

ရုရှားသိပ္ပံပညာရှင်များသည် အလွန်ပြင်းထန်သော အိတ်ချ်၅အန်၁(H5N1) ငှက်တုပ်ကွေးဗိုင်းရပ်စ်ကို ကာကွယ်နိုင်မည့် ကာကွယ်ဆေးမျိုးစိတ်သစ်တစ်ခုကို တီထွင်နိုင်ခဲ့ကြောင်း ရုရှားသိပ္ပံဖောင်ဒေးရှင်း က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။
အဆိုပါ မျိုးစိတ်သစ်သည် လက်ရှိပျံ့နှံ့နေသော ဗိုင်းရပ်စ်ပုံစံများနှင့် တိကျစွာကိုက်ညီပြီး တိရစ္ဆာန်နှင့် လူသားများအတွက်ပါ ဘေးကင်းမှုရှိကြောင်း စိန့်ပီတာစဘတ် တိရစ္ဆာန်ဆေးကုသရေးတက္ကသိုလ်နှင့် စမိုရိုဒင်ဆက်ဖ် တုပ်ကွေးသုတေသနဌာနတို့မှ သိပ္ပံပညာရှင်များက ပူးပေါင်းသုတေသနပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
အလွန်ပြင်းထန်သော အိတ်ချ်၅အန်၁ ဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းတွင် ဆက်လက်ပျံ့နှံ့နေပြီး အိမ်မွေးငှက်များနှင့် တောရိုင်းငှက်များကို အစုလိုက်အပြုံလိုက် သေဆုံးစေကာ စီးပွားရေးအရ ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။ ၎င်း၏ ပြောင်းလဲလွယ်သော သဘာဝနှင့် မျိုးစိတ်တစ်ခုမှတစ်ခုသို့ ကူးစက်နိုင်စွမ်းတို့ကြောင့် လက်ရှိပျံ့နှံ့နေသော မျိုးစိတ်များနှင့် မကိုက်ညီသည့် ကာကွယ်ဆေးအဟောင်းများ၏ ထိရောက်မှုကို လျော့နည်းစေသည်ဟု ဆိုသည်။
သိပ္ပံပညာရှင်များသည် ဗိုင်းရပ်စ်ကို ပြုပြင်ဖန်တီးရန် ပြောင်းပြန်မျိုးရိုးဗီဇနည်းပညာကို အသုံးပြုခဲ့ကြသည်။ ၂၀၂၃ ခုနှစ်တွင် ဇင်ယော်ငှက်တစ်ကောင်ထံမှ ခွဲထုတ်ရရှိသော အိတ်ချ်၅အန်၁ ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇများကို ရောဂါဖြစ်ပွားနိုင်စွမ်း လျော့နည်းစေရန် ပြုပြင်ခဲ့ပြီး ဘေးကင်းသော ဓာတ်ခွဲခန်းသုံး အိတ်ချ်၅အန်၁ မျိုးစိတ်နှင့် ပေါင်းစပ်ကာ ကြက်ဥအနှစ်ထဲတွင် ကောင်းမွန်စွာ ပွားများနိုင်သည့် ပေါင်းစပ်ဗိုင်းရပ်စ်တစ်ခုကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
ကာကွယ်ဆေးစမ်းသပ်မှုများအရ ၁၄ ရက်ခြားပြီး နှစ်ကြိမ်ထိုးနှံပေးသော ကြက်ကလေးများတွင် အိတ်ချ်၅အန်၁ ကို ခုခံနိုင်သည့် ပဋိပစ္စည်းပမာဏသည် အနိမ့်ဆုံးလိုအပ်ချက်ထက် ၁၀ ဆ ပိုမိုမြင့်မားလာကြောင်း တွေ့ရှိရသဖြင့် ဤကာကွယ်ဆေးမျိုးစိတ်သစ်၏ ခုခံအားမြှင့်တင်ပေးနိုင်စွမ်းမှာ အလွန်မြင့်မားကြောင်း သက်သေပြနိုင်ခဲ့သည်ဟု ရုရှားသိပ္ပံဖောင်ဒေးရှင်းက ဆိုသည်။

image