ဂရင်းလန်းကျွန်းအရေး‌ကြောင့် ရွှေဈေး ထိုးတက်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ဂရင်းလန်းကို သိမ်းပိုက်ရေးကြိုးပမ်းမှုကြောင့် ဥရောပနှင့် ကုန်သွယ်ရေးစစ်ပွဲ ပြန်လည်ဖြစ်ပွားလာခြေမြင့်တက်လာပြီး နေတိုးမဟာမိတ်အဖွဲ့အတွင်း စိတ်ဝမ်းကွဲခြင်းများ စတင်လာခြင်းတို့ကြောင့် ဒေါ်လာဈေးကျဆင်းလာပြီး ရွှေဝယ်လိုအားမြင့်လာသောကြောင့် ဗုဒ္ဓဟူးနေ့တွင် ကမ္ဘာ့ရွှေဈေးသည် စံချိန်တင်အမြင့်ဆုံးသို့ မြင့်တက်လာခဲ့ပေသည်။
စပေါ့ ရွှေသည် ဂရင်းနစ်စံတော်ချိန် ၀၂၂၆ နာရီတွင် တစ်အောင်စလျှင် ၄,၈၂၁.၂၆ ဒေါ်လာသို့ ‌ရောက်ရှိကာ ၁.၂% တက်လာပြီး၊ ဖေဖော်ဝါရီလမှ အရောက်ပို့မည့် အမေရိကန်ရွှေဈေးသည် ၁ အောင်စလျှင် ဒေါ်လာ ၄,၈၁၃.၅၀ သို့ တက်သွားသည်။
"ဥရောပနိုင်ငံတွေကို အခွန်ကောက်ခံဖို့ သီတင်းပတ်ကုန်က ထရမ့်ပ်ရဲ့ အလုပ်‌ဆောင်ချက်‌တွေနဲ့ ဂရင်းလန်းကို သိမ်းဖို့ ဥရောပကို သူ့ရဲ့အကျပ်ကိုင်မှုတွေကို တိုးလာတဲ့အတွက်ကြောင့် အမေရိကအပေါ် ယုံကြည်မှု ကျဆင်းသွားခြင်းဖြစ်သည်။ ရွှေဈေးနှုန်း အတက်အကျဟာ ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင်နိုင်ငံရေး တင်းမာမှုတွေအပေါ် စိုးရိမ်မှုတွေကို ထင်ဟပ်ပါတယ်" ဟု ကပ်ပီတယ် မှ အကြီးတန်း ဈေးကွက်လေ့လာသုံးသပ်သူ ကီလီရိုဒါက ပြောကြားခဲ့သည်။
အင်္ဂါနေ့တွင် ထရမ့်ပ်က အာတိတ်ကျွန်းဖြစ်သော ဂရင်းလန်းကို အင်အားသုံးကာ မသိမ်းပိုက်ဟု မပြောကြားသည့်အပြင် ၎င်း၏ရည်မှန်းချက်ကို "နောက်ဆုတ်စရာမရှိ" ကြောင်း ပြောကြားခဲ့သည်။ နေတိုး မဟာမိတ်များကိုလည်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။
၎င်းက နောက်ပိုင်းတွင် "နေတိုး ရော ကျွန်တော်တို့ပါ အလွန်ကျေနပ်စေမယ့် အရာတစ်ခုကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ" ဟု ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ပြင်သစ်သမ္မတ အီမန်နျူရယ် မေခရွန်က ဥရောပအနေဖြင့် အနိုင်ကျင့်သူများကို အလျှော့ပေးမည်မဟုတ်သကဲ့သို့ ခြိမ်းခြောက်မှုများကိုလည်း ကြောက်ရွံ့မည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး၊ ဂရင်းလန်းကို သိမ်းပိုက်ခွင့်မပေးပါက ဒါဗိုတွင် အခွန်တိုးမြှင့်ကောက်ခံမည်ဆိုသော ထရန့်၏ ခြိမ်းခြောက်မှုကို လည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသည်။
"လက်ရှိမှာ ရင်းနှီးမြှုပ်နှံသူတွေဟာ အမေရိကန်ဒေါ်လာနဲ့ အစိုးရငွေတိုက်စာချုပ်တွေကို ပြန်ရောင်းချနေကြပြီး အမေရိကန်ငွေကြေးထက် ရွှေအပေါ် ပိုမိုယုံကြည်မှုရှိလာတာကြောင့် ရွှေကို အစားထိုးဝယ်ယူနေကြတယ်" ဟု ရော်ဒါက ဆိုသည်။
အမေရိကန်ဒေါ်လာသည် ယူရိုနှင့် ဆွစ်ဖရန့်ငွေကြေးတို့နှင့် လဲလှယ်နှုန်းတွင် သုံးပတ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး အာရှစတော့ရှယ်ယာများသည်လည်း သုံးရက်ဆက်တိုက် ကျဆင်းနေသည်။ ဒေါ်လာတန်ဖိုး ကျဆင်းခြင်းသည် အမေရိကန်ဒေါ်လာဖြင့် ဈေးနှုန်းသတ်မှတ်ထားသော ရွှေကို ပြည်ပဝယ်ယူသူများအတွက် ပိုမိုသက်သာစေသည်။
အမေရိကန်ဗဟိုဘဏ်ကို အတိုးနှုန်းလျှော့ချရန် ထရမ့်ပ်က တောင်းဆိုနေသော်လည်း ဇန်နဝါရီလ ၂၇-၂၈ ရက်အစည်းအဝေးတွင် အတိုးနှုန်းကို ဗဟိုဘဏ်သည် ဆက်လက်ထိန်းထားလိမ့်မည်ဟု ယူဆရသည်။ အတိုးနှုန်းနိမ့်သော အခြေအနေတွင် ရွှေသည် ပုံမှန်အားဖြင့် ဈေးကွက်ကောင်းလေ့ရှိသည်။
ငွေဈေးနှုန်းသည် အင်္ဂါနေ့တွင် တစ်အောင်စလျှင် ၉၅.၈၇ ဒေါ်လာဖြင့် စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ၁ ရာခိုင်နှုန်း ပြန်လည်ကျဆင်းကာ ၉၃.၅၉ ဒေါ်လာသို့ ရောက်ရှိခဲ့ပါသည်။ ပလက်တီနမ်သည်လည်း တစ်အောင်စလျှင် ၂၅၁၁.၈၀ ဒေါ်လာအထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ဝ.၇ ရာခိုင်နှုန်း ကျဆင်းကာ ၂၄၄၅.၉၆ ဒေါ်လာ ဖြစ်သွားပြီး၊ ပါလေဒီယမ်သည် ဝ.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

image