2 ရက် - ဘာသာပြန်ပါ။

မဲဆောက်မှာ ရဲတွေကို သေနတ်နဲ့ပစ်ခတ်ထွက်ပြေးသွားသူကို ဖမ်းမိပြီ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ကုရပ်ကွက်၊ တော့ဖောင်း အထည်ချုပ်စက်ရုံဘေးရှိ 7 Eleven ဆိုင်အနီး ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှု ဖြစ်စဉ်မှ ထွက်ပြေး လွတ်မြောက်နေတဲ့ သေနတ်သမားကို ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်၊ ထိုင်းစံတော်ချိန် မွန်းတည့် ၁၂ နာရီမှာ ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ပစ်ခတ်မှု ကျူးလွန်ခဲ့သူဟာ နဂါးကြီး (ခ) နိုင်လင်းအောင် အသက် (၂၁) နှစ်ဖြစ်ပြီး ၎င်းဟာ သောင်ရင်းမြစ်ကို ဖြတ်ကူး လွတ်မြောက်သွားပြီးနောက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်းမှူးဆီမှာ သွားရောက် အဖမ်းခံတာ ဖြစ်တယ်လို့ သိရပါတယ်။
“သူက အစကတော့ သောင်ရင်းမြစ်ကိုဖြတ်ပြီး မြန်မာနိုင်ငံဘက်ကိုပြေးဖို့လုပ်တာ။ နောက်မှ သောင်ရင်းမြစ်ကြောင်း တလျှောက်မှာ လှုပ်ရှားနေတဲ့ ကော်ဘရာ စစ်ကြောင်းမှူးဆီမှာ သွားအဖမ်းခံတာ။ အဲဒီ စစ်ကြောင်းမှူးကပဲ သူ့ကို ထိုင်းရဲဆီ လွှဲပေးလိုက်တာ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
အဲဒီ သေနတ်သမားကို ဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့ ထိုင်းသတင်းတွေမှာတော့ သောင်ရင်းမြစ်ကို ဖြတ်ကူးဖို့ ကြိုးစားနေစဉ် ဖမ်းဆီးရမိတယ်လို့ ဖော်ပြထားပြီး KNLA ရဲ့ လွှဲအပ်မှုကိုတော့ ဖော်ပြထားခြင်း မရှိသေးတာကို တွေ့ရပါတယ်။
အဲဒီ ပစ်ခတ်မှုဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်အရောင်းအဝယ် ပြုလုပ်ဖို့အတွက် ဆိုင်ကယ်စီးနင်းလာတဲ့ မြန်မာလူငယ် နှစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့က တားဆီး စစ်ဆေးခဲ့တာမှာ နောက်မှာ လိုက်ပါ စီးနင်းလာသူက ပစ်ခတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဆိုင်ကယ်မောင်းနှင်သူ စိုးကြီး (ခ) မင်းဇော်စိုး အသက် (၂၃) နှစ်ကိုတော့ ထိုင်းအာဏာပိုင်တွေက အခင်းဖြစ်နေရာ ဝန်းကျင်မှာတင် ဖမ်းဆီးရမိခဲ့ပြီး မဲဆောက်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
အဲဒီ‌နောက် ထွက်ပြေးလွတ်မြောက်နေတဲ့ သေနတ်သမားကို ဖမ်းဆီးရမိရေးအတွက် ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာ နေရာတဝိုက်နဲ့ သံသယရှိ နေရာတွေကို အင်အား အများအပြားနဲ့ နှစ်ရက်ကြာ အရေးပေါ် ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအတွင်း အသုံးပြုခဲ့တဲ့ သေနတ်၊ သေနတ်သမားရဲ့ အင်္ကျီ၊ ဘောင်းဘီနဲ့ အိတ်တွေကို တော့ဖောင်းစက်ရုံ အနောက်ဘက်က ကြံစိုက်ခင်းထဲမှာ ရဲတွေက မနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ပစ်ခတ်မှုအတွင်း ဝမ်းဗိုက် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တဲ့ ထိုင်းရဲကတော့ လက်ရှိအချိန်မှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ဘူးလို့ သိရပါတယ်။

image