စာပန်းအိမ် ကိုယ်ပိုင်ကျောင်းက ကျောင်းသားတွေ နေထိုင်တဲ့အဆောင် မီးလောင်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ ပြည်သာယာလမ်းနဲ့ ရတနာလမ်းကြားမှာရှိတဲ့ စာပန်းအိမ် ကိုယ်ပိုင်ကျောင်းမှာ တက်ရောက် နေတဲ့ G 12 ကျောင်းသားတွေနေထိုင်ရာ အဆောင်မှာ ဒီကနေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ဗန်ဒါဆောင်မှာ G 12 ကျောင်းသား ၃၇ ယောက် နေထိုင်တာဖြစ်ပြီး အဆောင်နေ ကျောင်းသားတွေဟာ စာမေးပွဲချိန်ကာလဖြစ်လို့ စာသင် ခန်းမှာ ရှိနေတာကြောင့် မီးလောင်မှု ဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ဘူးလို့ သိရပါတယ်။
မီးလောင်မှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စာပန်းအိမ် ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ " စာပန်းအိမ်၏ G12 ကျောင်းသား ၃၇ယောက်နေထိုင်သော ဗန်ဒါဆောင် တွင် မီးလောင်မှုဖြစ်ပွါးခဲ့ရာမှာ အဆောင်နေကျောင်းသားများအားလုံးသည် စာမေးပွဲဖြေဆိုချိန်ကာလဖြစ်သဖြင့် ကျောင်းစာသင်ခန်းများတွင် ရှိနေသောကြောင့် မီးလောင်မှုမှ ထိခိုက်ဒဏ်ရာရမှုများ လုံးဝမရှိခဲ့ပါ။ မီးလောင်မှုကိုလည်း အချိန်တိုအတွင်း ငြိမ်းသတ်နိုင်ခဲ့ပြီလည်း ဖြစ်ပါသည်။ ထိုအဆောင်ရှိကျောင်းသားများအားလုံးကိုလည်း အဆောင်နေရာအသစ်တစ်ခုကို အဆင်သင့်ပြင်ဆင်ထားပြီးပြီလည်း ဖြစ်ပါသဖြင့် ကျောင်းသားမိဘများအားလုံး စိုးရိမ်ကြောင့်ကြမှု မဖြစ်စေရန် အသိပေးတင်ပြအပ်ပါသည်" လို့ ထုတ်ပြန်ထားပါတယ်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၁ နာရီ ၃၈ မိနစ်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ လို့ မြန်မာနိုင်ငံ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။