ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီး အရေးယူခံရသူ အယောက် ၄၀၀ ကျော် ရှိလာ

ပြည်ထဲရေးဝန်ကြီးဌာနက ရရှိတဲ့ အချက်အလက်တွေအရ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို နှောင့်ယှက်ဖျက်ဆီးခဲ့သူ အယောက် ၄၀၀ ကျော်ကို ဖော်ထုတ် အရေးယူထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးထားသူတွေထဲမှာ အမျိုးသား ၃၂၄ ယောက်နဲ့ အမျိုးသမီး အယောက် ၈၀ စုစုပေါင်း ၄၀၄ ယောက် ပါဝင်ပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ ဥပဒေ ပြဋ္ဌာန်းပြီးချိန် နောက်ပိုင်းကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ထိ စာရင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို အရေးယူမှုတွေနဲ့ ပတ်သက်လို့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က “ရွေးကောက်ပွဲကို ထပ်ပြီး နှောင့်ယှက်လာသူတွေ၊ ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်မှုတွေ၊ ဝါဒဖြန့်မှုတွေ ကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ် အရေးယူတာတွေ ဆက်လက် ဆောင်ရွက်သွားပါမယ်” လို့ အသိပေး ပြောကြားထားပါတယ်။
ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အဲဒီဥပဒေရဲ့ ပြစ်ဒဏ်တွေမှာ အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေ ပါဝင်ပါတယ်။
ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်၊ ပြုလုပ်သူတွေကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လကစပြီး အရေးယူမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး ဖမ်းဆီးခံထားရသူတွေထဲက တချို့ကို သက်ဆိုင်ရာမြို့နယ် တရားရုံးတွေက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။
ဒီဥပဒေနဲ့ ပတ်သက်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတယောက်က “ပြည်သူတွေအနေနဲ့ လက်ရှိအစိုးရ၊ နိုင်ငံကို အုပ်ချုပ်နေသူ၊ နိုင်ငံတော် ဥပဒေတွေကို အမှုမဲ့ အမှတ်မဲ့ မနေဘဲ ဂဃနဏ သိရှိထားဖို့၊ လေ့လာထားဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲ အပိုင်း (၁) ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်ပြီးဖြစ်သလို အပိုင်း (၂) ကိုလည်း အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျင်းပပြီး ဖြစ်ကာ အပိုင်း (၁) မှာ မဲပေးသူ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း၊ အပိုင်း (၂) မှာ ၅၅ ဒသမ ၉၅ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၃) ကိုတော့ လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့က မြို့နယ်ပေါင်း ၆၃ မြို့နယ်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ UEC က ကနဦး ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဒါပေမယ့်လည်း ကချင်ပြည်နယ်အတွင်းက မံစီမြို့နယ်၊ မိုးမောက်မြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ကြောင်း UEC က ဇန်နဝါရီ ၂၁ ရက်နေ့က ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။
ဒါအပြင် မံစီမြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကွမ်ဆန်းကိုလည်း လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းကနေ ပယ်ဖျက်ကြောင်း တဆက်တည်း ကြေညာခဲ့ပါတယ်။
ဒါအပြင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု တစုမှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ကြောင်း UEC က ထပ်မံထည့်သွင်း ကြေညာခဲ့ပါတယ်။

image