အောင်လံမြို့နယ်ထဲက တပ်ကုန်းရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံး ၊ဒဏ်ရာရသူ ၁၀ ယောက်ထက်မနည်းရှိ

မကွေးတိုင်း ၊ အောင်လံမြို့နယ် ၊ တပ်ကုန်းကျေးရွာမှာ ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်က လေကြောင်းတိုက်ခိုက်ခံရပြီး ငါးယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက်ထက်မနည်း ရှိထားတယ်လို့ စုံစမ်း သိရှိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုအပြင် နေအိမ်တချို့လည်း မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့ သိရတယ်။
" သေဆုံးသူအရေအတွက်က မျက်မြင်ပြောချက်အရတော့ ငါးယောက် ရှိတယ် ။ ထပ်ပေါင်းတွေလည်း ရှိလာနိုင်တယ်။ ဒဏ်ရာရကလည်းများတယ် ။ " လို့ ဖြစ်စဥ်သိတဲ့ စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကျေးရွာဒေသခံ အားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
" မင်္ဂလာဆောင် အဝင်နေ့မှာ ကြဲတာလို့သိရတယ် ။ အဲဒီရွာက ပကဖစိုးမိုးနယ်မြေပါ ။ မင်္ဂလာဆောင်တာက ရွာခံလား ၊ တပ်ဖွဲ့ဝင်လား ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး ။ သေဆုံးကတော့များတယ်။ " လို့ နောက်ထပ် စစ်ရေးသတင်းမြစ်က ပြောပါတယ် ။
အဆိုပါ တပ်ကုန်းကျေးရွာမှာ ရွေးကောက်ပွဲလည်း ကျင်းပနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။
မနေ့က ဇန်နဝါရီ ၂၁ ရက်နေ့ ၊ ညနေ ၃ နာရီလောက်ကလည်း တပ်ကုန်းရွာအနောက်ဘက် ၆ မိုင်ဝေးတဲ့ ဝန်ကုန်းရွာ အနီးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသတွင်းလက်နက်ကိုင်အဖွဲ့က လေးယောက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

image