ဗန်းမော်မြို့နယ် ထီးလင်းရွာမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် လူ ၂၀ ဝန်းကျင် သေဆုံးပြီး အများအပြား ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ မံမလင်းကျေးရွာအုပ်စု၊ ထီးလင်း (ကောင်ဂျာ)ရွာမှာ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲနဲ့ ၅ နာရီကြား အချိန် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရတာကြောင့် လူ ၂၀ ဝန်းကျင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ထီးလင်းရွာ ဗုံးကြဲခံရတာ ဟုတ်တယ်။ မနေ့ညနေ ၅ နာရီလောက်က။ ထိတွေ့တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ဗုံးကြဲသွားတာ”လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လေယာဉ်ဗုံးက ကျောင်းရှေ့က နာရေးလုပ်နေတဲ့ နေအိမ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူအများပြားထိသွားတာလို့ သူက ပြောပါတယ်။
“ဗန်းမော်မြို့ တိမ်းဖာတောင်နားက ထီးလင်းရွာပါ။ ဗန်းမော်က စစ်ရှောင်တွေတချို့ လာရှောင်နေကြတာပါ။ ခွန်သာက ဦးကံချားတို့ မောင်နှမနဲ့ တခြားသူတွေ ပါတယ်ပြောတယ်။ အယောက် ၂၀ လောက်ဆုံးတယ်ပြောတယ်။” လို့ နောက်ထပ် ဒေသခံ တယောက်ကလည်းပြောပါတယ်။
ဗန်းမော်မြို့နယ်၊ ထီးလင်း(ကောင်ဂျာ)ရွာမှာ ဇန်နဝါရီလ ၂၂ ရက်နေ့ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်မှာ စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် နာရေးလုပ်နေတဲ့ နေအိမ်ဝင်း ကျရောက်ပေါက်ကွဲကာ ဒေသခံ အယောက် ၂၀ ထက်မနည်း အသက်သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း လိုင်ဇာ FM က သတင်းထုတ်ထားပါတယ်။
ထီးလင်း(ကောင်ဂျာ)ရွာဟာ ဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ ရွာဖြစ်ပြီး လူဦးရေ ၃၈၀၀ ကျော်ရှိတဲ့ မံမလင်းကျေးရွာအုပ်စုမှာပါဝင်ပါတယ်။

image