မက်ဆီ မရခဲ့တဲ့ ရော်နယ်ဒို၊ ဟယ်ရီကိန်း၊ နေမာတို့ရဲ့ ချန်ပီယံလိဂ်ဂိုးမှတ်တမ်းပိုင်ဆိုင်လာတဲ့ ရောဘတ်လီဝန်ဒေါ့စကီး
=====================

ရောဘတ်လီဝန်ဒေါ့စကီးဟာ ခရစ္စတီယာနိုရော်နယ်ဒို၊ ဟယ်ရီကိန်းနှင့် နေမာတို့သာ ပိုင်ဆိုင်ထားတဲ့ ချန်ပီယံလိဂ်ဂိုးမှတ်တမ်းအား ပိုင်ဆိုင်လာပါတယ်။
ပိုလန်တိုက်စစ်မှူးဟာ ဆလားဗီးယားပရက်အား အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂိုးသွင်းယူလာနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအတွက် ချန်ပီယံလိဂ်သွင်းဂိုး ဂိုး ၂၀ ပြည့်လာခဲ့ပါတယ်။
ရောဘတ်လီဝန်ဒေါ့စကီးဟာ ယခင်ကလပ် ဘိုင်ယန်မြူးနစ်မှာတုန်းက ချန်ပီယံလိဂ်ဂိုး ၆၉ ဂိုးသွင်းခဲ့သူ ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ဘာစီလိုနာသို့ ရောက်လာသူ ဖြစ်ပါတယ်။
သူဟာ ဆလားဗီးယားပရက်အား ၄-၂ ဖြင့် အနိုင်ရတဲ့ပွဲတွင် ဘာစီလိုနာအတွက် အပိတ်ဂိုးကို သွင်းခဲ့ပြီးနောက် ချန်ပီယံလိဂ်တွင် ကွဲပြားတဲ့ ကလပ်နှစ်ခုအတွက် ဂိုး ၂၀ သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်လာပါတယ်။
ယခင် ကလပ်နှစ်ခုအတွက် ချန်ပီယံလိဂ်ဂိုး ၂၀ သွင်းထားနိုင်သူတွေအဖြစ် ခရစ္စတီယာနိုရော်နယ်ဒို၊ ဟယ်ရီကိန်း၊ နေမာတို့သာ ရရှိထားခဲ့တာပါ။
ဒါ့အပြင် ဝါရင့်တိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးဟာ ချန်ပီယံလိဂ် ၁၅ ရာသီဆက် ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။
လက်ရှိအချိန်တွင် ရောဘတ်လီဝန်ဒေါ့စကီးရဲ့ အထက်တွင် ခရစ္စတီယာနိုရော်နယ်ဒိုက ၁၆ ရာသီဆက်နှင့် လီယွန်နယ်မက်ဆီနှင့် ကာရမ်ဘန်ဇီးမားတို့က ၁၈ ရာသီဆက် ဂိုးသွင်းထားတဲ့ မှတ်တမ်း ပိုင်ဆိုင်ထားကြပါတယ်။
လီဝန်ဒေါ့စကီးဟာ ဥရောပပြိုင်ပွဲအသီးသီးတွင် သွင်းဂိုး ၁၁၄ ဂိုးအထိ ရှိလာပြီ ဖြစ်ပါတယ်။ သူ့အထက်တွင် မက်ဆီက ၁၃၂ ဖြင့်လည်းကောင်း၊ ခရစ္စတီယာနိုရော်နယ်ဒိုက ၁၄၅ ဂိုးဖြင့်လည်းကောင်း ရပ်တည်နေကြပါတယ်။

image