စင်ကာပူကလေယာဉ်များနှင့် တော်ပီဒိုများကိုအမေရိက ထံမှဝယ်ယူမည်
အမေရိကန်ဒေါ်လာ ၂.၃ ဘီလျံ တန်ဖိုးရှိ ပီ-၈ အေ ရေကြောင်းကင်းလှည့်လေယာဉ်များ၊ တော်ပီဒိုများနှင့် ဆက်စပ်ပစ္စည်းများကို စင်ကာပူနိုင်ငံသို့ ရောင်းချရန် ခွင့်ပြုလိုက်ကြောင်း အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။
“ယခု ခွင့်ပြုလိုက်သည့် ရောင်းချမှုသည် ရန်သူများကို ဟန့်တားနိုင်စွမ်းရှိသည့် ရေတပ်သုံးပစ္စည်းများ ကို ပံ့ပိုးပေးခြင်းဖြင့် လက်ရှိနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန် စင်ကာပူ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလိမ့်မည်ဖြစ်သည်” ဟု အမေရိကန် ကာကွယ်ရေးလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (ဒီအက်စ်စီအေ) က ကြေငြာချက်တစ်ခုတွင် ပြောကြားထားသည်။
၎င်းသည် “အာရှဒေသ၏ နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အရေးပါသော အင်အားစုတစ်ခုဖြစ်သည့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ၏ လုံခြုံရေးကို မြှင့်တင်ပေးခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေး ရည်မှန်းချက်များကို ခိုင်မာအားကောင်းစေလိမ့်မည်ဖြစ်သည်” ဟု ဒီအက်စ်စီအေ က ဆက်လက်ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် စင်ကာပူသို့ အဆိုပါ စစ်သုံးပစ္စည်းများကို ရောင်းချပေးရေးကို အတည်ပြုခဲ့ပြီး ဒီအက်စ်စီအေ သည် အမေရိကန် ကွန်ဂရက်စ်လွှတ်တော်သို့ လိုအပ်သော အမိန့်ေကြငြာစာကို ပေးပို့ခဲ့ကာ အဆိုပါကုန်သွယ်မှုအတွက် လွှတ်တော်၏ အတည်ပြုချက် လက်မှတ်ရေးထိုးရန် လိုအပ်နေသေးသည်။
စင်ကာပူနိုင်ငံသည် ကာကွယ်ရေးဝန်ကြီး ချန်ချွန်းစင်း၏ အမေရိကခရီးစဉ်အတွင်း ၂၀၂၅ ခုနှစ်တွင် ဘိုးရင်း ပီ-၈ အေ လေယာဉ် လေးစီး ဝယ်ယူမည့် ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပြီး ထိုခရီးစဉ်အတွင်း သူသည် ပင်တဂွန် ၌ ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် နှင့် တွေ့ဆုံခဲ့သည်။
ရေကြောင်းကင်းလှည့်ရန် ဒီဇိုင်းထုတ်ထားသည့် အဆိုပါ လေယာဉ်များတွင် ရေငုပ်သင်္ဘော ကို ဖျက်ဆီးနိုင်သည့် စွမ်းရည်များ ကို တပ်ဆင်ထားပေသည်။ ၎င်းတွင် ပါဝင်သော အာရုံခံကိရိယာများနှင့် ရေဒါစနစ်များသည် ရေကြောင်းဆိုင်ရာ လုပ်ငန်းမျိုးစုံတွင် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးပါသည်။
၎င်းကို ရှာဖွေရေးနှင့် တည်နေရာရှာဖွေခြင်း လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်ပြီး အရပ်ဘက်သုံး ဘိုးရင်း ၇၃၇ လေယာဉ်များတွင် ပါဝင်သော အဆင့်မြင့် အီလက်ထရောနစ်စနစ်များ ကို တပ်ဆင်ထားကြောင်း သိရှိရပါသည်။