အလုပ်အတုအတွက် လိမ်လည်အင်တာဗျူးခေါ်ပြီး ပြန်ပေးဆွဲ ငွေညှစ်ခံခဲ့ရတဲ့ အင်္ဂလိပ်ဘောလုံးဂန္ထဝင်
====================

ပရီးမီးယားလိဂ်ဂန္ထဝင်တစ်ဦးက ဆော်ဒီမှ နည်းပြအလုပ်အတွက် အင်တာဗျူးလုပ်ရန် လိမ်လည်ခေါ်ယူခံခဲ့ရပြီး ပြန်ပေးဆွဲ ငွေညှစ်ခြင်းခံခဲ့ကာ ကံကောင်းထောက်မစွာ အသက်ရှင်သန်နေခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
အသက် ၆၅ နှစ်ရှိ အဲဗာတ်ဂန္ထဝင်အက်ဒရီယန်ဟဲလ်ဟာ လုပ်ခများစွာ ရရှိမယ့် မန်နေဂျာအလုပ်အတွက် အရှေ့အလယ်ပိုင်းသို့ သွားရောက်ကာ အင်တာဗျူးခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သူဟာ ဆော်ဒီတွင် အလုပ်လုပ်ခဲ့ဖူးတဲ့ စတီဗင်ဂျရတ်အပါအဝင် ယုံကြည်ရတဲ့သူများနှင့် ဆက်သွယ်ပြီး ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ပြီးမှ ယင်းအလုပ်အတွက် အင်တာဗျူးကို လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။
နိုဝင်ဘာလမှာတော့ မေဂျာလိဂ်နည်းပြဟောင်းဟာ ဒေသတလွှား ဟိုတယ်များ၊ စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်တယ်ဆိုတဲ့ ရှိတ်ဆိုနှင့် တွေ့ဆုံရန် မော်ရိုကိုသို့ ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် သူဟာ မော်ရိုကိုသို့ ခြေချချိန်မှာတော့ အိပ်မက်ဆိုးကြီး စတင်ပါတော့တယ်။
သူ့ကို လေဆိပ်တွင် လူနှစ်ဦးက ပန်းစည်းများဖြင့် ကြိုဆိုခဲ့ပြီး အသင့်စောင့်ဆိုင်းနေတဲ့ ကားတစ်စီးဖြင့် ခေါ်ဆောင်သွားကြပါတယ်။
ဟဲလ်ကို ဆိပ်ကမ်းမြို့ငယ်လေးတစ်ခုသို့ ခေါ်ဆောင်သွားပြီး လူ ၃ ဦး စောင့်ဆိုင်းနေတဲ့ အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပါတယ်။
ယင်းအချိန်တွင်မှ ဟဲလ်ဟာ ပြဿနာကြီးကြီး ကြုံရပြီဆိုတာ သိလိုက်ရပါတယ်။
ယင်းနောက်မှာတော့ ပြန်ပေးဆွဲသူများဟာ ဟဲလ်ကို ကိန်းဂဏန်း ခြောက်လုံးပမာဏရှိ ငွေကြေးများ တောင်းဆိုကြပါတယ်။ ဒါပေမယ့်ဟဲလ်က ဇနီးသည်ဂျိန်းမှာ အမေရိကန်တွင် ကွယ်လွန်သွားရှာခဲ့ပြီးဖြစ်ရာ ငွေလွဲနိုင်ခြင်း မရှိပါဘူးလို့ လှည့်စားခဲ့ပါတယ်။
ယင်းနောက် နောက်တစ်နေ့တွင် ဓားကိုင်ထားတဲ့ လူတစ်ဦး ရောက်လာပြီး ဟဲလ်ရဲ့ လည်ပင်းတွင် ထောက်ကာ ထပ်မံ ခြိမ်းခြောက်ခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ဟဲလ်ဟာ အသက်ဆုံးရှုံးရတော့မယ်လို့ လုံးဝ ယုံကြည်သွားခဲ့ပါတယ်။
ဟဲလ်က "ဘဝမှာ ကောင်းရာမွန်ရာ လုပ်ခဲ့တာတွေကို တွေးလာတယ်။ ကျုပ်ဇနီး။ ကျုပ်ကလေးတွေ၊ ကျုပ်မြေးတွေကို တွေးလာတယ်"လို့ ဆိုသွားပါတယ်။
နောက်တစ်နေ့မှာ ပြန်ပေးသမားများဟာ ဇနီးသည်ဂျိန်းကို ဖုန်းခေါ်ပြီး ငွေလွဲဖို့ ထပ်မံ ခြိမ်းခြောက်ခဲ့ပါတယ်။
ဟဲလ်ဟာ ဆိုးဆိုးရွားရွား ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရပေမယ့် ငွေပေးလာပါက ထပ်ပြီး ငွေပေးဖို့ တောင်းဆိုလာနိုင်မှုနှင့်အတူ ငွေမပေးဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။
ဟဲလ်က ဇနီးသည်ဂျိန်းအား ဖုန်းဆက်ချိန်တွင် "ငါပြောတာ အသေအချာနားထောင်။ ငွေတချို့ လွဲပေးဖို့ လိုနေတယ်"လို့ ပြောဆိုခဲ့ပါတယ်။
ယင်းအချိန်မှာတော့ ဇနီးသည်ဂျိန်းဟာ တခုခု မှားယွင်းနေပြီဆိုတာ ချက်ချင်း သိလိုက်ပါတယ်။
ဇနီးသည်ကလည်း "အက်ဒရီယန်။ ပြီးခဲ့တဲ့ ၁၂ လကပဲ ဘဏ်အကောင့်တွေကို ပြောင်းလိုက်တယ်လေ။ ရှင်က အမည်စာရင်းမှာ ထိပ်ဆုံးကလေ။ ရှင်မရှိဘဲ ဘာငွေမှ လွှဲလို့ မရဘူး"လို့ တုံ့ပြန်ခဲ့ပါတယ်။
ယင်းသို့ ပြောဆိုနေချိန်တွင် ဖုန်းလိုင်းကျသွားခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ဖုန်းဆက်လာပါတယ်။
ဒီတစ်ကြိမ်မှာ ပြန်ပေးသမားတို့ဟာ ငွေကြေးပမာဏလျှော့တောင်းလာပေမယ့် ဂဏန်းခြောက်လုံး ပမာဏထဲမှာ ရှိနေတုန်းပါ။
ဂျိန်းဟာ သားဖြစ်သူ ဟာရစ်ဆင်ဟဲလ်ကို ဖုန်းခေါ်ပြီး အဖေနှင့် ဆက်သွယ်နိုင်ဖို့ ကြိုးစားခိင်းပါတယ်။
ဒါပေမယ့် ဟာရစ်ဆင်ဟဲလ်က ဖခင်ဖြစ်သူနှင့် ဆက်သွယ်မရ ဖြစ်နေခဲ့ပါတယ်။ ယင်းအချိန်တွင် ဟာရစ်ဆင်ဟဲလ်ရဲ့ ဇနီးသည်ကေလိုင်ကိုင်လီက Find My Friends ကနေ တချက် စစ်ဆေးကြည့်ဖို့ ပြောလာပါတယ်။
ကံကောင်းထောက်မစွာပင် ဟဲလ်က GPS အလုပ်လုပ်နေတုန်း ဖြစ်ပါတယ်။
ဟာရစ်ဆင်ဟာ ယင်းအင်တာဗျူးကို စီစဉ်ပေးခဲ့တဲ့ အေးဂျင့်ကို ဖုန်းခေါ်ဆိုကာ ဒေါသတကြီး ကြိမ်းမောင်းခဲ့ပါတယ်။
ယင်းနောက် သူဟာ မိသားစုဝင်တစ်ဦးရဲ့ အဆက်အသွယ်နှင့် နယူးယောက်အခြေစိုက် အက်ဖ်ဘီအိုင်နှင့် ဆက်သွယ်အကူအညီတောင်းခဲ့ပါတယ်။
ယင်းအချိန်အထိ ဟဲလ်ဟာ ပြန်ပေးသမားတွေ လက်ထဲမှာ ရှိနေတုန်း ဖြစ်ပါတယ်။
ဟဲလ်က "ဒီမှာ နားထောင်။ ဘာတွေ ဘယ်လို အဆုံးသတ်လာမလဲဆိုတာတော့ မသိဘူး။ ဒါပေမယ့် မင်းတို့ ငွေတစ်ပြားမှ ရလာမှာ မဟုတ်ဘူး။ ငါကို အိမ်ပြန်ခွင့်ပေးမှပဲ မင်းတို့ ငွေရမယ်။ အိမ်ရောက်ရင် မင်းတို့ဆီ ဆက်သွယ်လိုက်မယ်လေ။ ဒီလို လုပ်ဖို့ မင်းတို့ ငါ့ကို ယုံမှ ရမယ်"လို့ ပြန်ပေးသမားများကို ပြောခဲ့ပါတယ်။
တကြိမ်မှာတော့ ပြန်ပေးသမားတွေထဲက တစ်ဦးဟာ အခန်းထဲသို့ ဝင်လာပြီး ဟဲလ်ကို သူပစ္စည်းတွေကို ယူဖို့ ပြောလာပါတယ်။
ပြီးတော့ သူ့ကို လေဆိပ်သို့ ခေါ်ဆောင်သွားပါတယ်။
ယင်းအချိန်မှာမှ ဟဲလ်ဟာ ငရဲခန်းထဲမှ လွတ်မြောက်သွားကာ အမေရိကန်သို့ ပြန်ပြီး ဇနီးသည်နှင့် ပြန်လည်ဆုံစည်းခဲ့ပါတယ်။
အက်ဖ်ဘီအိုင်ကလည်း သူတို့ နေအိမ်ကို ၄၈ နာရီတိုင်တိုင် လုံခြုံရေး အပြည့်အဝ ပေးခဲ့ပါတယ်။
ယင်း ၂ ရက်အပြီးတွင်လည်း အေးဂျင့်များဟာ ဟဲလ်ရဲ့ နေအိမ်ကို ရက်သတ္တပတ်အတန်ကြာအထိ လုံခြုံရေးပေးခဲ့ပါသေးတယ်။
ဟဲလ်ဟာ သူ့အဖြစ်အပျက်ကို သူငယ်ချင်းအနည်းစုနှင့် League Managers Association (LMA) မှ လူအများကိုသာ အသိပေးခဲ့ပါတယ်။
ဒါပေမယ့် အက်ဖ်ဘီအိုင်အေးဂျင့်က ယခုကဲ့သို့ အဖြစ်အပျက်မျိုး အခြားမန်နေဂျာတစ်ဦးလည်း ဖြစ်လာနိုင်ကြောင်း အကြံပေးလာမှုနှင့်အတူ ဟဲလ်ဟာ ယခုကဲ့သို့ လူသိရှင်ကြားဖွင့်ဟလာတာလည်း ဖြစ်ပါတယ်။

image