1 ရက် - ဘာသာပြန်ပါ။

မာဆေးသို့ ရာသီအကုန်အထိ အငှားဖြင့် ပြောင်းလာမယ့် အာဆင်နယ်ရဲ့ အီသန်နဝမ်နရီ
====================

အာဆင်နယ်အလယ်တန်းကစားသမားအီသန်နဝမ်နရီဟာ ရာသီအကုန်အထိ ပြင်သစ်ထိပ်သီးကလပ် မာဆေးသို့ အငှားဖြင့် ပြောင်းရွှေ့ကစားလာတော့မှာ ဖြစ်ပါတယ်။
မာဆေးဟာ အလယ်တန်းကစားသမားအား ခေါ်ယူရေး အခြားကလပ်များအား ကျော်ဖြတ်ကာ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ယခုအပတ်တွင် အပြောင်းအရွှေ့အပြီးသတ်လာပါမယ်။
အသက် ၁၈ နှစ်ရှိ နဝမ်နရီဟာ မာဆေးသို့ အငှားဖြင့်သာ ပြောင်းလာမှာ ဖြစ်ပြီး စာချုပ်အတွင်းတွင် အပြီးသတ် ခေါ်ယူမယ့်အချက်အား ထည့်သွင်းချုပ်ဆိုလာမှာ မဟုတ်ပါဘူး။
နဝမ်နရီဟာ ယခုရာသီတွင် အာဆင်နယ်အတွက် ၄ ပွဲတည်းသာ ပွဲထွက်ခွင့် ရထားပြီး မာဆေးသို့ ပြောင်းရွှေ့ကစားလာမှုနှင့်အတူ ပွဲကစားခွင့် ပိုမို အခွင့်အရေးရလာတော့မှာလည်း ဖြစ်ပါတယ်။
လီဂူး ၁ တွင် အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ မာဆေးဟာ နဝမ်နရီရောက်လာမှုနှင့်အတူ လီဂူး ၁ ဖလားအတွက် တိုက်ပွဲဝင်ရေး တွန်းအားတစ်ခု ဖြစ်လာပါတယ်။
မာဆေးကို ဘရိုက်တန်နည်းပြဟောင်းရောဘတ်တိုဒီဇာဘီက ကိုင်တွယ်နေပြီး မေဆင်ဂရင်းဝုဒ်လည်း ကစားနေပါတယ်။
နဝမ်နရီဟာ အသက် ၁၅ နှစ်နှင့် ၁၈၁ ရက်တွင် အာဆင်နယ်အတွက် ပွဲကစားခွင့်ရကာ ပရီးမီးယားလိဂ်သမိုင်းတွင် အသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူထားသူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အသင်း ဒဏ်ရာပြဿနာများ ကြုံချိန်တွင် ပုံမှန်ကစားခွင့်ရခဲ့ကာ ပြိုင်ပွဲအရပ်ရပ် ၃၇ ပွဲအထိ ကစားခွင့်ရကာ ၉ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
သူဟာ ယခုရာသီမှာတော့ အီးဇီး ရောက်လာမှုနှင့်အတူ ပွဲကစားခွင့် ပိုမိုနည်းပါးလာသလို နိုနီမာဒူကီကြောင့်လည်း သူ့စိတ်ကြိုက် ညာခြမ်းတောင်ပံနေရာအတွက် အခွင့်အရေးနည်းပါးလာခဲ့ပါတယ်။
သူ့ရဲ့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲအဖြစ် နိုဝင်ဘာလတုန်းက ၂ မိနစ်တာ လူစားဝင် ကစားခွင့်ရခဲ့တာပါ။
သူဟာ အာဆင်နယ်ရဲ့ နောက်ဆုံး ၄ ပွဲဆက် လူစာရင်းမှာတောင် မပါဝင်ခဲ့ပါဘူး။

image