အရှည်(၈၇၆)ပေရှိ သံလွင်တံတား(တာဆန်း)ကို နိုင်ငံတော် ယာယီသမ္မတဖွင့်လှစ်ပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ကိုဆက်သွယ်ထားသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီးရှိ သံလွင်မြစ်ကူးတံတား(တာဆန်း)ကို ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော် လုံ ခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတမှ သံလွင်တံတား(တာဆန်း)က မ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတထံ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သံလွင်တံတား (တာဆန်း)ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်ကာ နိုင်ငံတော်ယာယီသမ္မတမှ ကျောင်း သား၊ ကျောင်းသူများနှင့် ဒေသခံများကိုဂုဏ်ပြုချီး မြှင့်ငွေများပေးအပ်ပြီး သံလွင်တံတား(တာဆန်း)အား ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။
အဆိုပါ သံလွင်တံတား(တာဆန်း)သည် တံတားအရှည် (၈၇၆)ပေရှိပြီး ယာဉ်သွားလမ်းအကျယ်(၂၃)ပေ၊ ဆိုင်ကယ်လမ်း တစ်ဖက်(၅)ပေစီဖြင့် စုစုပေါင်းတံတားအ ကျယ်(၃၃)ပေရှိသည့် သံမဏိသံပေါင်တံတားဖြစ်ကာ ရေလမ်းကင်းလွတ်အကျယ်(၂၈၀)ပေရှိပြီး ရေလမ်းကွင်းလွတ်အမြင့်(၃၄)ပေရှိကာ ပေ(၉၀၀)ရှိသံလွင်တံ တား(တာဆန်း)ကြိုးတံတားဟောင်းအနီးတွင် တည် ဆောက်ထားခြင်းဖြစ်သည်။
ထိုသို့ တံတားသစ်တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ ရှမ်း ပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ကိုဆက်သွယ်ထားသည့် တောင်ကြီး-နမ့်စန်-မိုးနဲ-မိုင်းပန်-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ်လမ်းကြောင်းကိုအသုံးပြု၍ ကုန်စည်ကူးသန်းသွားလာမှုများကို ပိုမိုလွယ်ကူမြန်ဆန်စွာဆောင်ရွက်နိုင်မည်ဖြစ်ရာ ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အ ထောက်အကူများစွာဖြစ်လာစေမည်ဖြစ်သည်။