ကိယက်ဗ်တစ်မြို့တည်းမှာပင် လူ တစ်သန်းကျော် လျှပ်စစ်မီးမရဟု ဇလန်းစကီးဆို
ဇန်နဝါရီ ၂၀ ရက်နေ့ ညနေပိုင်းရရှိသည့် စာရင်းများအရ ယူကရိန်းနိုင်ငံ ကိယက်ဗ်တစ်မြို့တည်းတွင်ပင် လူတစ်သန်းကျော် လျှပ်စစ်မီးမရရှိပဲ၊ အဆောက်အအုံပေါင်းများစွာတွင်လည်း အပူပေးစနစ်များ ပြတ်တောက်နေကြောင်း ထိုနေ့ည မိန့်ခွန်းတွင် ဇလန်းစကီးက ပြောကြားခဲ့သည်။
"ဒီကနေ့ညနေပိုင်းအထိ စာရင်းတွေအရ ကိယက်ဗ်ထိုမြို့တစ်မြို့တည်းမှာတင် သုံးစွဲသူ တစ်သန်းကျော်ဟာ လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။ အဆောက်အအုံ အမြောက်အမြားမှာလည်း အပူပေးစနစ်တွေ ပြတ်တောက်နေပြီး၊ အဲဒီအထဲမှာ တိုက်ခန်းပေါင်း ၄,၀၀၀ ကျော် ပါဝင်နေပါတယ်။ အင်အား အားလုံးကို ဒီအခြေအနေတွေ သက်သာလျော့ပါးစေဖို့အတွက်ပဲ ဦးတည်အသုံးပြုရပါမယ်"ဟု ဇလန်းစကီးကပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် "အစိုးရတာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ဘယ်လိုကာကွယ်မလဲ၊ လုပ်ငန်းလည်ပတ်မှုတွေကို ဘယ်လိုပြန်လည်ပြင်ဆင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ထူးခြားဆန်းသစ်တဲ့ အိုင်ဒီယာအဆိုပြုချက်တွေကို တင်ပြကြရပါမယ်။ ကျွန်တော်တို့ရဲ့ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုပံ့ပိုးကူညီမလဲဆိုတာကိုလည်း စဉ်းစားရပါမယ်။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အတတ်နိုင်ဆုံး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ လျှပ်စစ်ထုတ်လုပ်မှုနဲ့ လက်ရှိသုံးစွဲမှုကို ဘယ်လိုပြန်လည်ခွဲဝေမလဲ၊ ဒါမှသာ ပြည်သူတွေအနေနဲ့ အခြေအနေ တည်ငြိမ်လာတာကို ခံစားရမှာဖြစ်သလို၊ ပြည်သူတွေအတွက် ဘယ်လိုအပိုဆောင်း ကူညီပံ့ပိုးရေး အစီအစဉ်တွေ လိုအပ်သလဲဆိုတာတွေကိုပါ ဆွေးနွေးရမှာပါ။ ဒီအချက်အားလုံးကို အသေးစိတ် ဆွေးနွေးရမှာဖြစ်သလို၊ ဒီကနေ့ ကျွန်တော် အစိုးရတာဝန်ရှိသူတွေကို မေးမြန်းထားတဲ့ မေးခွန်းအားလုံးအတွက် အဖြေတွေကိုလည်း ပေးရပါမယ်။ အားလုံးကို ဖြေရပါမယ်။ ဒါဟာ အစိုးရရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ တာဝန်ယူမှုပဲ ဖြစ်ပါတယ်။ မနက်ဖြန်မှာ ခိုင်မာပြီး ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်တွေနဲ့ ဖြေရှင်းချက်စာရင်းကို ကျွန်တော် မျှော်လင့်နေပါတယ်။"ဟုလည်း သူကပြောကြားခဲ့သည်။