4 ရက် - ဘာသာပြန်ပါ။

ကသာမှာ တိုက်ပွဲတွေ ဆက်ရှိနေပေမယ့် မြို့ပေါ်ကျောင်းတခု ပြန်ဖွင့်ပြီး တနယ်လုံးက ကျောင်းသားအကုန်ပေါင်း သင်ကြားပေးမယ်

စစ်ကိုင်းတိုင်း ၊ ကသာမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားမှုရှိနေဆဲဖြစ်ပေမယ့်လည်း အခြေခံပညာကျောင်း စာမေးပွဲတွေ နီးကပ်လာတဲ့အတွက် မြို့ပေါ်က အမှတ် ၃ အထက်တန်းကျောင်းကို ဒီနေ့ ဇန်နဝါရီ ၂၀ မှာ တာဝန်ရှိသူတွေက ပြန်လည် ဖွင့်လှစ်လိုက်တယ်လို့ ဒေသခံဆီကသိရပါတယ်။
အဆိုပါ အ.ထ.က ၃ မှာ ကသာမြို့နယ်တခုလုံးရှိ ကျောင်းသားကျောင်းသူ အားလုံးပေါင်းပြီး တက်ရောက် စာသင်ကြားခွင့် ပြုထားတယ်လို့ သိရပါတယ်။
" ကျောင်းက ဒီနေ့စဖွင့်တယ် ။တမြို့နယ်လုံးက ကျောင်း သားတွေအတွက် ဒီတကျောင်းစဖွင့်တာ ။ အကုန်တက်ခွင့်ပြုတာ ။ကျောင်းက မြို့ထဲက ကျောင်းပါ ။ တနယ်လုံး အကုန်ပေါင်းတက်ရမှာပါ ။ အခုလောလောဆယ်တော့ မြို့ထဲရှိတဲ့ ကျောင်းသူ ကျောင်းသားတွေပဲ တက်နေကြပါတယ် ။ " လို့ ဒေသခံက ပြောပါတယ်။
ကျောင်း ပြန်ဖွင့်ပေမယ့် ကသာမြို့ အဝင်အထွက်ကတော့ ပိတ်ထားဆဲ ဖြစ်သလို ပစ်ခတ်မှုတွေ ရှိနေတဲ့ ရပ်ကွက် ၈ အပါအဝင် နေရာတချို့ကိုလည်း သွားလာခွင့် ပိတ်ထားတယ်လို့ သိရပါတယ် ။
လက်ရှိ ကသာမြို့ပေါ်မှာက ရပ်ကွက် ၁ ၊ရပ်ကွက် ၂ ၊ ၃ ၊ ၄ နဲ့ ရပ်ကွက် ၆ နဲ့ ၇ ဘက်ခြမ်းတွေကသာ အခြေအနေ အေးချမ်းမှုရှိနေတာ ဖြစ် တယ်လို့ သိရပါတယ်။
" မြို့တွင်းဆိုရင် စိုက်ပျိုးရေးရုံးဘက်တွေ အသွားမခံဘူး ။ ရပ်ကွက် ၈ တောင် မရောက်သေးဘူး ။အဲဒီဘက်သွားတဲ့လမ်းပေါ့ ။ ရပ်ကွက် ၉ ဘက်လည်း သွားမရဘူး ။ရုံးဘက်လည်း အသွားမခံဘူး ။ရပ်ကွက် ၅ လည်း သွားမရဘူး ပိတ်ထားတယ်။ ထွေအုပ်ရုံးက ရပ်ကွက် ၉ နဲ့ ၇ အစပ်ပေါ့ ။ ထောင်ရှိတာက ရပ်ကွက် ၁၀ ဘက်။ " လို့ သူက ထပ်ပြောပါတယ် ။
မနေ့က ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း ကသာမြို့ အပြင် ပြည်သာယာရွာနားမှာရှိတဲ့ ၃၀၉ တပ်ရင်း အနီး တပ်ဦးကျောင်းမှာ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ကူ တိုက်ခိုက်မှုပါ ရှိခဲ့တာကြောင့် ဒေသတွင်းလက်နက်ကိုင်ဘက်က အကျဆုံးရှိခဲ့သလို တပ်ဘက်ကလည်း ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ် ။
ကသာမြို့ပြင် တပ်ရင်း ၃၀၉ ဘက်မှာ တိုက်ပွဲဖြစ်ပွားမှုရှိနေပေမယ့်လည်း ရေလမ်းကြောင်းကနေ ကသာမြို့ကို ပြန်လည်ဝင်ရောက်လာသူ တချို့ရှိနေပြီး ဘူတာစျေးလည်း ပုံမှန်အတိုင်း ဖွင့်လှစ်မှု ရှိနေတယ်လို့ သိရပါတယ်။
ကသာမြို့မှာတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ညက စပြီး ဇန်နဝါရီ ၂ ရက်နေ့အထိ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး မြို့တွင်း ရပ်ကွက်တွေထဲမှာ ရံဖန်ရံခါ ပစ်ခတ်မှုရှိပြီး မြို့ပြင် ၃၀၉ တပ်ရင်းဘက်မှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှု ရှိလာနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါ ကသာမြို့တိုက်ပွဲအကြားမှာ ရပ်ကွက် ၈ ထဲက အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရပြီး အ.ထ.က ၂ ကျောင်းလည်း မီးလောင်မှု ပျက်စီးမှု ရှိထားတယ်လို့ သိရပါတယ်။
ဒါအပြင် လူစောင့်မရှိတဲ့ စစ်ရှောင်တွေရဲ့ နေအိမ်တွေလည်း ဖောက်ထွင်းခံရပြီး ပစ္စည်းတွေ ခိုးယူခံနေရတယ်လို့ သိရပါတယ်။

image