ဟင်္သာတက သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ထောင်ဒဏ် တသက် ချမှတ်
အသက် ၇ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ရွှေကူရပ်ကွက်နေ တရားခံ မြသန်းကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ သင်္သာတခရိုင် တရားရုံးက ထောင်ဒဏ်တသက် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အသက် (၇၃) နှစ်အရွယ် တရားခံ မြသန်းဟာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (၃) အရ အသက် ၁၂ အောက် အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ်တသက် ချမှတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
“အမှုဖြစ်တာကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့မှာဖြစ်တာ။ တရားခံနဲ့ နစ်နာသူက တအိမ်တည်းအတူ နေကြတဲ့သူတွေ။ ဒီကလေးက တရားခံရဲ့ အမျိုးသမီးဘက်က ပါလာတဲ့ မယားပါမြေးပေါ့။ အခင်းဖြစ်တာကလည်း သူတို့ရဲ့နေအိမ်မှာပဲ ဖြစ်တာပါ။ အဲဒီအချိန် အိမ်မှာလည်း တယောက်မှ မရှိကြဘူး။ တခြားအိမ်တွေကလည်း အလှမ်းဝေးနေတော့ ကလေးရဲ့ အော်သံကိုလည်း မကြားရဘူးလို့ သိရတယ်” လို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
အဲဒီ အခင်းဖြစ်ပွားခဲ့တဲ့ နေ့မှာပဲ ကလေးငယ်ရဲ့ အဘွားဖြစ်သူက ဟင်္သာတမြို့မ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တဲ့အတွက် ဖမ်းဆီး အရေးယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၃) အရ “မည်သူမဆို အသက် ဆယ့်နှစ်နှစ်အောက် အမျိုးသမီးကို မုဒိန်းမှု ကျူးလွန်ပါက ထောင်ဒဏ် တသက်ဖြစ်စေ၊ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ ချမှတ်ရမယ်” လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံတဝန်း သက်ငယ်မုဒိမ်းမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ အသက် ၅ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်နေ ကျော်နိုင်ကို သထုံခရိုင်တရားရုံးမှ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က ထောင်ဒဏ်တသက် အမိန့်ချခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ထန်းတပင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်း ဖြစ်စဉ်မှာလည်း အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မ ကျူးလွန်ခဲ့တဲ့ ဖခင်ဖြစ်သူ ကျော်သက်ကို ပုဒ်မ ၃၇၆ (၁) အရ တောင်ငူခရိုင်တရားရုံးက စက်တင်ဘာ ၁၈ ရက်နေ့မှာ ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မိဘတယောက်ကတော့ ဒီလိုဖြစ်နေတာတွေဟာ ပတ်ဝန်းကျင် လုံခြုံမှုမရှိတာကို ပြသနေတာဖြစ်ပြီး ကိုယ့်အိမ်ထဲမှာတောင် ကိုယ့်ကလေးအတွက် စိတ်ချရတဲ့ အခြေအနေမျိုး မရှိတော့သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
“လက်ရှိ ခေတ်အခြေအနေကိုက မသမာသူတွေအတွက် ဒီလို အခွင့်အရေးမျိုးတွေ ရအောင် တွန်းအားပေးသလိုလည်း ဖြစ်နေတာ ဆိုတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို သင်ပေး၊ ပြောပြပေးလို့ရတဲ့ အရွယ်ဆို လိင်ပိုင်ဆိုင်ရာနဲ့ ပတ်သက်လို့ မထိရ၊ မကိုင်ရ ဆိုတဲ့နေရာတွေကို သေသေချာချာ ပြောပြထားဖို့လိုတယ်။ သင်ပေးလို့ရတဲ့အရွယ် မရောက်သေးဘူးဆိုရင်တော့ ကိုယ်မျက်စိအောက်မှာပဲ အတတ်နိုင်ဆုံး ထားစေချင်တယ်” လို့ သူက ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ ဧပြီလထဲမှာ ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လိပ်အင်းဝါးတောလမ်းက သက်ငယ်မုဒိမ်းမှုမှာ ကျူးလွန်ခံရတဲ့ ကလေးငယ်ဟာ အသက် ၁ နှစ် ၈ လသာ ရှိသေးတယ်လို့ သိရပါတယ်။
အဲဒီ ၂၀၂၅ ခုနှစ်ထဲမှာပဲ ဇန်နဝါရီလအတွင်းက ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာမှာ ယာယီ ကျောင်းအုပ်ဆရာက အသက် ၇ နှစ်ကနေ ၁၅ နှစ်အတွင်း ကျောင်းသား ၄၈ ယောက်ကို အဓမ္မပြုကျင့်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။