Tiktok ဆယ်လီ ဧရာဝတီမ အဖြစ် လူသိများတဲ့ LGBT လူငယ်တယောက် မဲဆောက်မှာ ပစ္စည်းလုယက်ခံရပြီး အသတ်ခံရ

ဟာသဗီဒီယိုတွေကြောင့် Tiktok ဆယ်လီ ဧရာဝတီမ အဖြစ် လူသိများတဲ့ LGBT အမျိုးသား တယောက်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ပစ္စည်းတွေ လုယက်ခံရပြီး လူပါသတ်ဖြတ် ခံခဲ့ရတယ်လို့ သိရပါတယ်။
ဆယ်လီ ဧရာဝတီမ ဆိုသူ LGBT ကိုတင်ဇော်ထွေးဟာ ဇန်နဝါရီ ၁၉ ရက်နေ့ ၊ ည ၁၁ နာရီ ၃၀ လောက်ကတည်းက နေအိမ်ကနေထွက်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက် သွားရာကနေ ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းမှာတော့ အသတ်ခံရကြောင်း အလောင်းကိုတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့သိရပါတယ်။
" မယ်တောင် ဖာ့ထောင်းထိပ် လူသတ်မှု ဖြစ်တာပါ ။ အလောင်းတွေ့တော့ ဘောင်းဘီလဲ ကျွတ်နေတယ် ။ သူမသေခင်မှာ အဓမ္မကျင့်ခံခဲ့ရတဲ့ ပုံလို့ ယူဆရတယ်။ ဒီညနေမှာ အလောင်းတွေ့တာပါ။ အဲဒီကောင်လေးက သူ့ကောင်လေးနဲ့ ဒိတ်ပြီး တွေ့ဖို့သွားရာကနေ ခုလိုဖြစ်တာလို့သိရတယ်။ တရားခံက ချိန်းတဲ့ကောင်လေးပဲလား တခြားသူပဲလားတော့ မသိရသေးဘူး ။ သူ့မှာပါတဲ့ အိုင်ဖုန်းနဲ့ ရွှေတွေ လုယက်ခံရတယ်။ အလောင်းကိုတော့ ရဲတွေသယ်သွားပါပြီ ။ အလောင်းဘေးမှာက ဝါးတုတ်တွေ့တယ်။ " လို့ ဖြစ်စဥ်သိတဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေကို အကူညီပေးနေသူ တယောက်ကပြောပါတယ်။
ဧရာဝတီမဟာ ဦးခေါင်းကို ပြင်းထန်ရိုက်နှက်ခံရတဲ့ ဒဏ်ကြောင့် ဦးခေါင်း ကြေမွဒဏ်ရာနဲ့ သေဆုံးနေတာ ဖြစ်တယ်လို့ ကနဦးသိရပါတယ်။
Tik Tok ဆယ်လီ ဧရာဝတီမ အသတ်ခံရမှုနဲ့ပတ်သက်ပြီး တရားခံကို ဖမ်းဆီးရမိရေး ထိုင်းအာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြောင်း ၊ အဓမ္မပြုကျင့်ခံရခြင်း ရှိမရှိ အခြေအနေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
Tik Tok ဆယ်လီ ဧရာဝတီမ အသတ်ခံရတဲ့အပေါ် LGBT အသိုင်းအဝိုင်းက ဝမ်းနည်းကြောင်း လူမှုကွန်ယက် စာမျက်နှာကနေ ရေးသားနေကြသလို အနုပညာရှင် တချို့ကလည်း စိတ်မကောင်း ဖြစ်ရကြောင်း ရေးသားနေကြပါတယ်။
ဇန်နဝါရီလ ပထမပတ်ကလည်း တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့ကို ဖျော်ဖြေဖို့ သွားရောက်ခဲ့တဲ့ အဆိုတော် ရှင်မင်းမြတ်နဲ့ မိတ်ဆွေတယောက်ကို ကျားဖြန့်ဂိုဏ်းတခုက ပြန်ပေးဆွဲ နှိပ်စက်ပြီး ငွေသိန်း ၃၀၀၀ ခြိမ်းခြောက် ရယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

image