မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းမကြီး ပြန်ဖွင့်

မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းမကြီးကို အစိုးရက ပြန်လည်ဖွင့်လှစ်ပေးလိုက်တဲ့အတွက် ကားတွေ သွားလာလို့ရပြီ ဖြစ်တယ်လို့ သိရပါတယ် ။
အစိုးရတပ်တွေက မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းမကြီးကို အပြည့်အဝ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်တာကြောင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးနောက် လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။
မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းမကြီး ပြန်ဖွင့်ပြီ ဖြစ်လို့ ပြင်ဦးလွင် လမ်းပိုင်းကနေ သွားလာခြင်းကို ဒီနေ့ကစပြီး ပိတ်လိုက်ကြောင်း ကားသမားတွေဆီက သိရပါတယ်။
" ပြင်ဦးလွင် - ဟိုခိုလမ်းက ဒီနေ့စပိတ်တယ်တော့ ပြောနေတယ်။ မနေ့ကတည်းက ဂိတ်တွေက အဲဒီလမ်းက မလာဖို့ မှာလိုက်တယ် ပြောတယ်။ သပိတ်ကျင်းလမ်းပြန်ဖွင့်လို့ အဲဒီလမ်းပိတ်တာလို့ ထင်တယ်။ သပိတ်ကျင်းလမ်းက ဒီနေ့မှ စသွားရမှာ။.အခြေအနေက မသိရသေးဘူး ။ "လို့ မန္တလေး - မိုးကုတ်ကို ကားပြေးဆွဲနေသူက ပြောပါတယ်။
မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းမကြီး ပြန်ဖွင့်လိုက်ပြီဖြစ်လို့ ဒီနေ့မှာ ကားသမားတချို့ကတော့ စမ်းသပ် ပြေးဆွဲသွားဖို့ လုပ်နေကြသလို တချို့ကလည်း ပြေးဆွဲရမှာ စိုးရိမ်နေကြ တယ်လို့ သိရပါတယ်။
" မတ္တရာ လမ်းမ လား။ ဟုတ်တယ် ။ သူများပြောတာတော့ဖွင့်ပြီ လို့ပြောတယ်။ ကားဆရာတွေတော့ ဒီနေ့ တစီး၊ နှစ်စီး ဆင်းသွားကြည့်တယ် ပြောတယ်။ အခြေအနေ ဘယ်လိုလာမလဲတော့ မသိသေးဘူး။ အစမ်းဆင်းသွားကြည့်တဲ့ သဘော ဟုတ်တယ်။ ခု ဆင်းသွားပြီလား ဆိုတာတော့ မသိဘူး။ ဂိတ်မှာတော့ သူတို့ ဆင်းကြည့်မယ်လို့ ပြောခဲ့တယ်။ ကားတွေ၊ ဂိတ်ကြေးတွေ အခြေအနေဘယ်လို လာမလဲ၊ ဘယ်လို ရှိသွားမလဲ ဆိုတာ သိချင်လို့ တချက်လောက် ဆင်းသွားကြည့်မယ် ပြောတယ်။ ကားဆရာတွေ ဆင်းဖြစ်ကြလားတော့ မသိဘူး။ အဲဒီ မတ္တရာ လမ်းကို ခါလီ သွားကြည့်မယ် ပြောတယ်။ တချို့ ကားဆရာတွေက ဒီ ဟိုခိုလမ်း နည်းနည်းနီးလို့ ဟိုခိုလမ်း သွားကြတာ။ မနေ့ကတော့ မတ္တရာ လမ်းဖွင့်ပြီလို့ ပြောပေမယ့် ဘယ်သူမှ မသွားကြဘူး။ ချက်ချင်းတော့ ဘယ်သူမှ မသွားရဲဘူးလေ။ " လို့ ကားဂိတ်တခုမှ တာဝန်ရှိသူကပြောပါတယ်။
ပုံမှန်ဆိုရင် မန္တလေး - မိုးကုတ်လမ်းပိုင်းကို ပြင်ဦးလွင် - ဟိုခို လမ်းပိုင်းကနေ သွားလာရတာဖြစ်ကြောင်း ၊ လမ်းပိုင်းတလျှောက်မှာ ဂိတ်တော်တော်များများရှိပြီး ဂိတ်တဂိတ်ကို ၅၀‌၀၀ ကျပ်ကနေ ၁၀၀၀၀ အနည်းဆုံး ပေးရကြောင်း ၊ လမ်းကြေးက ကုန်ပစ္စည်း အနည်းအများပေါ်လိုက်ပြီး သိန်းဂဏန်းအထိ ပေးရတယ်လို့ သူက ထပ်မံ ပြောပါတယ်။
လက်ရှိ မိုးကုတ်မြို့မှာ အစိုးရတပ်တွေ ထိန်းချုပ်ထားပြီး ဌာနဆိုင်ရာရုံးအဖွဲ့တွေ ပြန်လည်ဝင်ရောက်မှုရှိပေမယ့်လည်း စာသင်ကျောင်းနဲ့ မှတ်ပုံတင်ရုံးတွေ ပြန်မဖွင့်သေးဘူးလို့ သိရပါတယ်။
မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရတပ်တွေဟာ.စစ်ကြောင်းတွေ ခွဲပြီး အင်အားအများအပြားနဲ့ လေကြောင်းပစ်ကူပါသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အစိုးရတပ်တွေဟာ သပိတ်ကျင်းဒေသကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီး မတ္တရာဒေသတဝိုက်ရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်း တောင်ဒေသကိုတော့ ဩဂုတ်လ ၂၈ ရက်နေ့မှာ ရရှိခဲ့ပါတယ်။
အဲဒီနောက် ဆည်တော်ကြီး ရေလှောင်တမံ နဲ့ ပတ်ဝန်းကျင်ဒေသတဝိုက်ကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ် ခဲ့ပြီး စဉ့်ကူးဒေသတဝိုက်ကို ဒီဇင်ဘာ ၁၉ ရက်နေ့ မှာ ရရှိခဲ့ကာ ဧရာဝတီတံတား (ရတနာသိင်္ဃ)ကိုတော့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ.ထိန်းချုပ် နိုင်ခဲ့တယ်လို့ သိရပါတယ် ။
အဲဒီနောက်မှာ PDF ထိန်းချုပ်ထားတဲ့ ဒေသတွေကို အစိုးရတပ်တွေက တခုပြီးတခု ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးမန္တလေး -မတ္တရာ စဉ့်ကူး-သပိတ်ကျင်းဒေသတဝိုက် တည်ငြိမ်အေးချမ်းရေးနဲ့ ဆက်သွယ်ရေးလမ်း ကြောင်းပေါ်မှာ ဒေသခံပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေ စိတ်အေးချမ်းသာစွာ သွားလာနိုင် ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ
မန္တလေး -မတ္တရာ- စဉ့်ကူး - သပိတ်ကျင်း ဆက်သွယ်ရေး လမ်းကြောင်းကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်နဲ့ စိန်ကုန်းကျေးရွာ ဒေသတဝိုက်ကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရရှိခဲ့ပြီး ကင်းကျေးရွာနဲ့ ရန်သူ့စခန်းကုန်း နေရာတို့ကိုတော့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ် သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ် ။
ဆက်လက်ပြီး သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းမှာ ကျန်ရှိတဲ့ လမ်းပိုင်းနေရာကို စစ်ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ အောင်ဗဒါန်းကျေးရွာ၊ ဇန်နဝါရီ ၁၈ ရက်နေ့မှာ စိန်အင်းကျေးရွာ၊ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရွှေညောင်ပင်ကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ မလဲပေါက်ကျေးရွာမှာ တပ်မတော် စစ်ကြောင်းတွေ ချိတ်ဆက်ပေါင်းဆုံနိုင်ခဲ့ပြီး PDF တွေစိုးမိုးထားတဲ့ သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေး လမ်းကြောင်းတခုလုံးကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အဆိုပါ လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့တာ.ဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

image