ဆာလက်ရဲ့ အနာဂတ်မှာ ကလပ်နှင့် နည်းပြရဲ့ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်ကြောင်း ဆိုဘိုဆလိုင်း ပြောကြားလာ
====================

ဒိုမိနစ်ခ်ဆိုဘိုဆလိုင်းက အာဖရိကဖလားပြိုင်ပွဲရောက်နေစဉ်အတွင်း မိုဟာမက်ဆာလက်နှင့် နေ့စဉ် စကားပြောဖြစ်ကြောင်း ပြောကြားလာပေမယ့်လည်း အီဂျစ်စူပါစတားရဲ့ လီဗာပူးအနာဂတ်နှင့်ပတ်သက်ပြီး ပြောကြားရန် ငြင်းဆိုလာပါတယ်။
မိုဟာမက်ဆာလက်ဟာ စနေနေ့တုန်းက အီဂျစ်ရဲ့ အာဖရိကဖလားတတိယနေရာလုပွဲ ကစားပြီးနောက် လီဗာပူးအသင်းနှင့် ပြန်လည်ပူးပေါင်းနေပြီ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ မာဆေးတွင် ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်ရန် မသေချာသေးပါဘူး။
တဖက်တွင် ဆာလက်ဟာ အာဖရိကဖလားပြိုင်ပွဲအတွက် အီဂျစ်နှင့် မပူးပေါင်းမီ ကလပ်မှာ ၎င်းအား အပြစ်ပုံချနေကြောင်းနှင့် နည်းပြဆလော့နှင့် ဆက်ဆံရေး မရှိကြောင်း ပြောကြားခဲ့မှုနှင့်အတူ အနာဂတ် မရေမရာ ဖြစ်နေသူလည်း ဖြစ်ပါတယ်။
ဆိုဘိုဆလိုင်းက "ဒါက(အပြောင်းအရွှေ့ကိစ္စ)က သူနဲ့ကျွန်တော့်အကြားအရာပါ။ သူ ပြန်လာမယ်။ ပြီးရင် ကျွန်တော်တို့ ဆက်ချီတက်မယ်။ နည်းပြနဲ့ ကလပ်ကပဲ ဆုံးဖြတ်လာမှာပါ"လို့ ပြောကြားသွားပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့တုန်းက လီဗာပူးမှ ထွက်ခွာကာ အီဂျစ်အသင်းနှင့် ပူးပေါင်းပြီးနောက်ပိုင်း ဆာလက်နှင့် အဆက်အသွယ်ရှိသလား မေးမြန်းလာမှုကို ဆိုဘိုဆလိုင်းက "ရှိပါတယ်။ အရိုးသားဆုံးပြောရရင်‌ နေ့တိုင်းနီးပါးပါပဲ။ အရာရာတိုင်းနဲ့ပတ်သက်ပြီး ပြောဖြစ်ကြတယ်။ ကျွန်တော်တို့ အများကြီး ပြောဖြစ်တယ်"လို့ ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက ဆလော့က အသင်းနှင့် ဆာလက် ပြန်လည်ပူးပေါင်းလာမှာ ဖြစ်လို့ ပျော်ရွှင်ကြောင်း ပြောကြားသွားပါတယ်။
ဆာလက်ဟာ စနေနေ့တုန်းက ဘန်လေနှင့် ပွဲစဉ်တွင် ကန်ချက် ၃၂ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၁၁ ကြိမ်ရှိခဲ့ပေမယ့်လည်း ၁ ဂိုးတည်းသာ ရခဲ့သလို ဆိုဘိုဆလိုင်းမှာလည်း ပင်နယ်တီ မဝင်ခဲ့ပါဘူး။

image