မာဆေးနှင့်ပွဲတွင် ဆာလက် ပွဲထွက်လာမယ်လို့ ဆလော့ အရိပ်အမြွက်ပြောကြားလာ
====================

အန်းဆလော့က ယနေ့ည မာဆေးနှင့် ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွင် မိုဟာမက်ဆာလက်မှာ ပွဲထွက်လူစာရင်းတွင် ပါဝင်လာမှာ ဖြစ်ကြောင်း ပြောကြားလာခဲ့ပြီး ၎င်းတို့အကြား ဆက်ဆံရေးမှာ ယခင်အတိုင်းပုံမှန် ရှိနေကြောင်း ပြောကြားသွားပါတယ်။
ဆာလက်ဟာ လီဗာပူးအတွက် နောက်ဆုံးပွဲကစားခွင့်ရခဲ့တာ နိုဝင်ဘာလတုန်းက ပီအက်စ်ဗွီအား အိမ်ကွင်းတွင် ၄-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲမှာ ဖြစ်ပါတယ်။ သူဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အီဂျစ်အသင်းနှင့် ပူးပေါင်းကာ အာဖရိကဖလားပြိုင်ပွဲပါဝင်ကစားခဲ့ပြီး အဆင့် ၄ ချိတ်အောင် ၄ ဂိုးသွင်းကာ ကူညီပေးခဲ့ပါတယ်။
ဆာလက်ဟာ အီဂျစ်အသင်းနှင့် မပူးပေါင်းမီ ၃ ပွဲဆက် အရန်ခုံတွင် ထိုင်ခဲ့ရပြီးနောက် လိဒ်နှင့်ပွဲအပြီးတွင် ကလပ်မှာ အသင်းရဲ့ ရလဒ်ဆိုးရွားမှုများအတွက် သူ့အပေါ် အပြစ်ပုံချရန် ကြိုးပမ်းနေပြီး နည်းပြအန်းဆလော့နှင့် ဆက်ဆံရေး မရှိကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
ဒီဇင်ဘာလအဖြစ်အပျက်က ရိုက်ခတ်လာမလားလို့ မေးမြန်းလာချိန်တွင် ဆလော့က "မိုကို မကစားဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒီရာသီ အခိုက်အတန့်ပါ။ အဲဒီပွဲ(အင်တာ)မှာ သူ့ကို မခေါ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အခိုက်အတန့်ရှိခဲ့တယ်။ အခြားပွဲအားလုံးမှာ သူ လူစာရင်းမှာ ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာဆို သူက ပထမဆုံးလူစားဝင်ကစားခဲ့ရတယ်။ အဲဒီအခိုက်အတန့်ကာလတုန်းက ကျွန်တော့်အတွက် ဘာပြဿနာမှ မရှိပါဘူး။ အခု ပထမဆုံးအကြိမ်အဖြစ် သူ အသင်းမှာ ပြန်ပါဝင်လာနိုင်ပြီ။ ဒီကနေ့ လေ့ကျင့်ခန်းဆင်းထားတော့ သူ ပါဝင်လာမယ်။ မနက်ဖြန် လူစာရင်းမှာ ပါမယ်။ ပြဿနာ ရှိနေသေးလားဆိုတာ လူစာရင်းထွက်ရင် ကြည့်ကြတာပေါ့"လို့ ပြောကြားသွားပါတယ်။
လီဗာပူးဟာ ဆာလက် အာဖရိကဖလားပြိုင်ပွဲ သွားကစားစဉ်ကာလအတွင်း ရှုံးပွဲ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဆလော့က လီဗာပူးရဲ့ ချန်ပီယံလိဂ်စံချိန်တင်ဂိုးသွင်းရှင် ပြန်လည်ပါဝင်လာနိုင်မှုအပေါ် ပျော်ရကြောင်း ဆိုသွားပါတယ်။
ဆာလက်နှင့် ဆက်ဆံရေးအပေါ်တွင်လည်း ဆလော့က "အရင်တုန်းကလိုပဲ ပုံမှန်ပါပဲ။ အင်တာမီလန်နဲ့ပွဲတုန်းကတော့ ချွင်းချက်ပေါ့။ ဒီကနေ့ သူနဲ့ စကားပြောဖြစ်တယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ မိနစ်တစ်ရာကျော် ကစားထားတဲ့ တောင်ပံသမားနှစ်ဦးတည်းပဲ ရှိလို့ သူ ပြန်လာလို့ ပျော်တယ်။ အဲဒီနှစ်ယောက်က မိုနဲ့ ကိုဒီ(ဂတ်ပို)ပါ။ ဂျီရီမီဖရမ်းပေါင်နဲ့ ဖလိုရီယန်ဝါ့ဇ်တို့လည်း ဒီနေရာတွေမှာ ကစားနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ဖလိုရီယန်ကို သူ့စိတ်ကြိုက်နေရာကို မေးရင် ဘယ်နဲ့ ညာတောင်ပံနေရာတွေကို ပြောလာမှာ မဟုတ်ပါဘူး။ ဂျီရီမီလည်း ဒီအတိုင်းပါ။ ဒါပေမယ့် သူက ညာခြမ်းမှာ လုပ်ပြထားပြီးသားပါ။ ချန်ပီယံလိဂ်မှာ လီဗာပူးအတွက် မို ၄၅ ဂိုးသွင်းထားတာ မြင်ခဲ့ရတယ်။ နောက်အများဆုံးသွင်းထားသူက ၅ ဂိုးနဲ့ ဗာဂယ်ဗန်ဒိုက်ပါ။ ဒီတော့ သူ ပြန်ပါလာတာ ကောင်းပါတယ်။ အထူးသဖြင့် နောက်ထပ် ၄၅ ဂိုးသွင်းပြီး ဒီအဆင့်မျိုး ထပ်ပြန်နိုင်ရင်ပေါ့"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် လီဗာပူးဗဟိုနောက်ခံလူအီဘရာဟမ်ကိုနာတေးမှာ မိသားစု ပြဿနာကြောင့် မာဆေးနှင့် ရင်ဆိုင်ရမယ့် လီဗာပူးရဲ့ လူစာရင်း ၂၀ ဦးစာရင်းမှာ မပါဝင်နိုင်ခဲ့ပါဘူး။

image