1 ပတ် - ဘာသာပြန်ပါ။

ဘိုဒို/ဂလမ့် အရှက်တကွဲ ရှုံးပွဲအတွက် အာလင်းဟာလန်း လူသိရှင်ကြား တောင်းပန်လာ
==================

အာလင်းဟာလန်းဟာ အသင်းငယ်လေး ဘိုဒို/ဂလမ့်အား ချန်ပီယံလိဂ်တွင် ရှုံးနိမ့်မှုအတွက် လူသိရှင်ကြား တောင်းပန်လာပါတယ်။
အသက် ၂၅ နှစ်ရှိ နော်ဝေတိုက်စစ်မှူးဟာ မိခင်နိုင်ငံသို့ တကျော့ပြန်လာချိန်တွင် ခါးသီးမှုနှင့် ကြုံခဲ့ရပြီး မေ့ပစ်ချင်ခဲ့တဲ့ ညတစ်ညကြုံခဲ့ရပါတယ်။
မန်စီးတီးဟာ ဘိုဒို/ဂလမ့်အား ၃-၁ ဖြင့် ရှုံးနိမ့်လာမှုနှင့်အတူ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ရေး မရေမရာ ဖြစ်လာခဲ့ပါတယ်။
ချန်ပီယံလိဂ်သမိုင်းတွင် တုန်လှုပ်စရာ မထင်မှတ်တဲ့ ရလဒ်ကြုံခဲ့ရပြီးနောက် မန်စီးတီးနည်းပြဂွါဒီယိုလာက အရာအားလုံး မှားယွင်းနေတယ်လို့ ခံစားရကြောင်း ဝန်ခံပြောဆိုသွားပါတယ်။
မန်စီးတီးဟာ မန်ချက်စတာဒါဘီပွဲတွင် ယူနိုက်တက်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ရက်အနည်းငယ်အကြာ -9C ရာသီဥတုအောက်တွင် ကစားရတဲ့ပွဲမှာ အရှက်တကွဲ ရှုံးပွဲကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။
နောက်ဆုံး ၈ ပွဲတွင် ၁ ဂိုးတည်းသာ သွင်းနိုင်ကာ ဂိုးပေါက်ပျောက်နေတဲ့ ဟာလန်းက "ဂိုးမသွင်းနိုင်ခဲ့လို့ အပြည့်အဝ တာဝန်ယူပါတယ်။ ခရီးသွားပြီး လာကြည့်ကြတဲ့ မန်စီးတီးပရိသတ်တစ်ယောက်ချင်းစီတိုင်းကို တောင်းပန်ပါတယ်။ အဆုံးမတော့ ဒါက ရှက်စရာပါ။ အဖြေမရှိတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ တောင်းပန်ပါတယ်လို့ပဲ ပြောနိုင်ပါတယ်။ သူတို့ အနိုင်နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ညံ့ခဲ့တယ်။ သူတို့ အိမ်ကွင်းမှာ ကစားတာ အရမ်းကောင်းတယ်။ သူတို့ ပထမဂိုးမရခင်အထိ ကျွန်တော်တို့ ကစားတာ ကောင်းသေးတယ်။ ဒါပေမယ့် နောက်တော့ သူတို့ နောက်ထပ် ဂိုးသွင်းလာတယ်။ ပြီးရင် ဂျန်(ပက်တာဂူဂီ)က ဒီနှစ်ရဲ့အကောင်းဆုံးဂိုးကို သွင်းလာတယ်။ အကောင်းဆုံးတော့ လုပ်ခဲ့တာပဲ။ ဒါပေမယ့် တခုခု လိုအပ်နေခဲ့တယ်။ စီနီယာကစားသမားတွေမှာ အပြည့်အဝ တာဝန်ရှိပါတယ်။ ဘယ်လို ခံစားရတယ် ဘာညာကိုတော့ မပြောလိုဘူး။ ကွင်းထဲမှာ အကောင်းဆုံးလုပ်ခဲ့တယ်။ ပွဲတွေ အများကြီးကစားခဲ့ရတော့ ကွင်းထဲမှာ မစွမ်းဆောင်ပြနိုင်ခဲ့ဘူး။ အကောင်းဆုံးတော့ ကြိုးစားတာပဲ။ နောက်ပွဲအတွက် အသင့်ဖြစ်နေဖို့ ကြိုးစားမယ်။ လေးရက်ပဲ အချိန်ရတယ်။ ပြန်အားဖြည့်လာဖို့ ကြိုးစားရမယ်"လို့ ပြောကြားသွားပါတယ်။
ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ရေးအတွက် လာမယ့်အပတ် ဗုဒ္ဓဟူးနေ့ ဂါလာတာစာရေးနှင့်ပွဲတွင် အနိုင်ရရှိရေး ကြိုးပမ်းသွားရပါမယ်။
တဖက်တွင် အသင်းငယ်လေး ဘိုဒို/ဂလမ့်မှာ နောက်ဆုံးပွဲ ဖြစ်တဲ့ အက်သလက်တီကိုနှင့်ပွဲတွင် အနိုင်ရရှိလာပါက ပလေးအော့ဖ်ကစားခွင့် ရလာနိုင်ပါသေးတယ်။
မန်စီးတီးဟာ လာမယ့် စနေနေ့မှာ အီတီဟတ်ကွင်းမှာ ဝုဗ်ကို ဧည့်ခံကစားရပါမယ်။

image