မဲဆောက်မှာ တရားမဝင် နေထိုင်တဲ့ မြန်မာတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေ
မြန်မာ - ထိုင်းနယ်စပ်၊ တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်မြို့မှာ တရားမဝင် လာရောက်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ အဲဒီမြို့မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
ထိုင်းအလုပ်အကိုင် ဦးစီးဌာနကလည်း ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဆေးသွားမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က ကြေညာထားတယ်လို့ သိရပါတယ်။
အဲဒီ ကြေညာချက် ထွက်ပေါ်လာပြီးနောက် ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့မှာ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ ခွင့်ပြုချက်မရှိဘဲ အလုပ် လုပ်ကိုင်မှုတွေကြောင့် မြန်မာနိုင်ငံသား အလုပ်သမားတချို့ ဖမ်းဆီး စစ်ဆေးခံခဲ့ရတယ်လို့ သိရပါတယ်။
“ရက်ပိုင်းထဲမှာပဲ အဖမ်းအဆီးတွေ ကြမ်းလာတာ။ ဇန်နဝါရီ ၁၅ ရက်နေ့၊ မနက်ပိုင်းကတည်းက ထိုင်းလဝကနဲ့ ရဲတပ်ဖွဲ့တွေက စီမံချက်နဲ့ လိုက်စစ်ဆေးပြီး စပြီးဖမ်းနေတာ။ မြန်မာအများစု အလုပ် လုပ်နေတဲ့ မဲဆောက်စျေးမှာ ဖမ်းတာ” လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား တယောက်က ပြောပါတယ်။
တာ့ခ် လူဝင်မှုကြီးကြပ်ရေးရဲ့ ထုတ်ပြန်ချက်တွေအရ ဇန်နဝါရီ ၁၅ ရက်နေ့ မဲဆောက်ဈေးကြီးအတွင်း ဝင်ရောက်စစ်ဆေးမှုမှာ နိုင်ငံကူးလက်မှတ် မရှိတဲ့ မြန်မာနိုင်ငံသား ရှစ်ယောက်ကို တရားမဝင် ဝင်ရောက် နေထိုင်မှုနဲ့ ထိုင်းရဲတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသား တယောက်နဲ့ ဗီဇာသက်တမ်း ကာလရှည် ကျော်လွန်နေထိုင်သူ (Overstay) မလေးရှားနိုင်ငံသား နှစ်ယောက်ကိုလည်း အာရှလမ်းမကြီးဘေးနဲ့ Lotus ကုန်တိုက်ရှေ့တို့မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး မဲဆောက်မြို့တွင်းရှိ ဈေးတွေ၊ အလှပြင်ဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေကို ပူးပေါင်းအဖွဲ့က ဝင်ရောက် စစ်ဆေးခဲ့တာမှာ မဲဆောက်ဈေး၊ ဘတ်ကွန်းလမ်းရှိ ဆိုင်တွေမှာ အလုပ် လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ အလုပ် လုပ်နေတဲ့ မြန်မာနိုင်ငံသား ခြောက်ယောက်၊ အလှပြင်ဆိုင်မှာ အလုပ် လုပ်နေတဲ့ မြန်မာအမျိုးသမီး နှစ်ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် တည်းခို နေထိုင်သူတွေကို ၂၄ နာရီအတွင်း သတင်းပို့ရန် ပျက်ကွက်ခဲ့တဲ့ အိမ်ရှင် မြန်မာနိုင်ငံသား တယောက်ကိုလည်း ဖမ်းဆီး အရေးယူခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း တရားမဝင်နေထိုင်၊ တရားမဝင် အလုပ် လုပ်ကိုင်မှုနဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ တာ့ခ် လူဝင်မှုကြီးကြပ်ရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တခြား နိုင်ငံခြားသားတွေကို သက်ဆိုင်ရာ ရဲစခန်းတွေဆီ လွှဲပြောင်းထားပြီး ဥပဒေအရ အရေးယူကာ နေရပ်ပြန်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
“အခုအခြေအနေက အကုန်လုံး ဂရုစိုက်ပြီး နေသင့်ပြီ။ မြန်မာတွေ နောက်ထပ် ပြဿနာ ထပ်မဖြစ်ဖို့ ပိုအရေးကြီးတယ်။ အခုက နေရာတိုင်းမှာ ရဲတွေခြေရှုပ်နေသလိုပဲ။ အထောက်အထား မပြည့်စုံတဲ့သူ၊ တရားမဝင် နေထိုင်သူတွေကို ပိုက်စိပ်တိုက် ဖမ်းမယ်ဆိုတော့ အကုန် စိုးရိမ်စိတ်နဲ့ နေနေရတယ်။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ အလုပ်လည်း မလုပ်ရဲကြတော့ဘူး” လို့ မဲဆောက်မြို့မှာ ရောက်ရှိနေသူက ပြောပါတယ်။
လက်ရှိမှာ စစ်ဆေးမှုတွေ တင်းကျပ်နေတာကြောင့် မဲဆောက်မြို့အတွင်းရှိ ဈေးဆိုင်ခန်းတချို့နဲ့ စားသောက်ဆိုင်တချို့ ယာယီ ပိတ်ထားမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“ထိုင်းရောက် မြန်မာတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာကြပါ။ ထိုင်းလူမျိုးတွေ၊ ထိုင်းယဉ်ကျေးမှုတွေနဲ့ လိုက်လျောညီထွေစွာ နေထိုင်ပါ။ အကုန်အကျခံပြီး လုပ်ထားတဲ့ အထောက်အထားတွေ ကိုယ်နဲ့တသားတည်း ရှိနေကြဖို့လိုပါတယ်။ လာဖမ်းရင် အဖွဲ့စုံလာတာပါ။ တယောက်၊ နှစ်ယောက်တည်း လာရင် ပုလိပ်အတုတွေလည်း ဖြစ်နိုင်လို့ သတိထားစေချင်တယ်” လို့ ထိုင်းရောက် အလုပ်သမားရေး လှုပ်ရှားသူ တယောက်က ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေး ပြောဆိုထားပါတယ်။
လတ်တလော အခြေအနေအရ မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မိမိတို့ရဲ့ တရားဝင် အထောက်အထားတွေဖြစ်တဲ့ ပတ်စ်ပို့၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)၊ အလုပ်ပါမစ်တို့ကို ကိုယ်နဲ့မကွာ တပါတည်း ယူဆောင်ထားကြဖို့၊ သတင်းအမှန်၊ သတင်းအမှားတွေကို ချင့်ချိန်ကြဖို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက အသိပေး နှိုးဆော်ထားပါတယ်။
လက်ရှိ အခြေအနေဟာ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးရလွယ်တဲ့ အခြေအနေမျိုး ဖြစ်တာကြောင့် မြန်မာတွေအပေါ် အမုန်းမပွားအောင် နေထိုင်ကြဖို့ကိုလည်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက တိုက်တွန်းထားပါတယ်။
အခုလို စစ်ဆေး ဖမ်းဆီးမှုတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ စမွတ်ပရာကန်မြို့မှာ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်နေသူတွေဟာ ဒဏ်ငွေချမှတ်ခံရနိုင်ခြင်း၊ မူရင်းနိုင်ငံကို ပြန်ပို့ခံရနိုင်ခြင်း၊ အလုပ်လုပ်ခွင့်ပါမစ် ပိတ်ခံရနိုင်ခြင်းတို့ကို ကြုံတွေ့နိုင်တယ်လို့ သိရပါတယ်။