ချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်နေ
စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်က မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးတင်လှရွှေကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဆီက သိရပါတယ်။
ဦးတင်လှရွှေကို ဇန်နဝါရီ ၁၅ ရက်နေ့က ၊ ချောင်းဦးမြို့ပေါ်ရှိ လမ်းပိုင်းတနေရာမှာ ဖမ်းဆီးသွားတာဖြစ်ကြောင်း ၊ ဖမ်းဆီးပြီးနောက် အဆက်အသွယ် ပြတ်နေတယ်လို့ သိရပါတယ်။
"ရွေးကောက်ပွဲ လုပ်ပြီးမှ အဖမ်းခံရတာပါ။ သူက ၁၅ ရက်နေ့က သူ့အိမ်မှာ အနှိပ်ခံပြီးတော့ အနှိပ်သည်ကိုပြန်ပို့တော့ ညနေပိုင်း လမ်းမှာ အဖမ်းခံရတာလို့ သိရတယ်။ ကျန်တဲ့ အခြေအနေတော့ မသိရသေးဘူး ။ ကျေးရွာကော်မရှင်အဖွဲ့ဝင် ဖမ်းခံရတယ်ဆိုတာတော့ မကြားသေးဘူး ။ " လို့ တိုင်းကော်မရှင်အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးကိုကိုဦးက ပြောပါတယ်။
လက်ရှိမှာ ဦးတင်လှရွှေ အဖမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး အမြန်ဆုံးပြန်လည်တွေ့ရှိနိုင်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ဒေသတွင်းလက်နက်ကိုင် တပ်တွေဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး ။
ချောင်းဦးမြို့နယ်က အပိုင်း ၂ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မြို့နယ်ထဲမှာပါဝင်တာကြောင့် ဇန်နဝါရီ ၁၁ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က မကွေးတိုင်း ၊ ကံမမြို့နယ်ထဲမှာလည်း မဲရုံတွေကို လိုက်လံစစ်ဆေးတဲ့ အဖွဲ့ တိုက်ခိုက်ခံရပြီး ကံမမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင် သေဆုံးခဲ့ပြီး ဦးသန့်ဇင်အောင် ဆိုသူမှာ သေနတ်ကျည် ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူ အဲဒီနေ့မှာပဲ ပဲခူးတိုင်း ၊ ထန်းတပင်မြို့နယ်မှာလည်း မြို့နယ်ထွေအုပ်ရုံးကို ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခံရပြီး တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သေဆုံးခဲ့ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
ဇန်နဝါရီ ၆ ရက်နေ့ ကလည်း မကွေး - ကံပြား- နေပြည်တော်လမ်းပိုင်း ၊ မိုင်တိုင် ၃၂ မိုင် ၇ ဖာလုံ မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC အဖွဲ့ဝင် လိုက်ပါ လာတဲ့ ယာဥ်တန်း တိုက်ခိုက်ခံရပြီး
မြို့သစ်မြို့နယ် ရဲမှူး ဦးထွန်းလင်းအောင် နဲ့ UEC အဖွဲ့ဝင်ရဲ့ ကိုယ်ရေးအရာ ရှိ ဦးအောင်ကျော်သူ တို့ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။