နိုဗယ်ငြိမ်းချမ်းရေးဆု မပေးသဖြင့် ငြိမ်းချမ်းရေးအတွက် စဉ်းစားရန်မရှိပြီဟု ထရမ့်ဆိုပြန်
နော်ဝေအစိုးရအနေဖြင့် သူ့အား နိုဗယ်ငြိမ်းချမ်းရေးဆု မပေးရန်ဆုံးဖြတ်ခဲ့ခြင်းကြောင့် သူ့အနေဖြင့်လည်း ငြိမ်းချမ်းရေးကိုသာ သန့်သန့်စင်စင် စဉ်းစားပေးရမည့် တာဝန်ရှိသည်ဟု မခံစားရတော့ကြောင့း သမ္မတထရမ့်က နော်ဝေဝန်ကြီးချုပ်ထံပေးပို့သော စာတွင် ထည့်သွင်းရေးသားထားသည်။
ရိုက်တာ(Reuters) သတင်းဌာနက မြင်တွေ့ခဲ့ရသည့် နော်ဝေ ဝန်ကြီးချုပ် ဂျိုးနပ်စ် ဂါး စတိုး ထံသို့ ထရမ့်က ပေးပို့သော စာတွင် ထရမ့်က “စစ်ပွဲပေါင်း ၈ ခုထက်မနည်းကို ကျွန်ုပ် ရပ်တန့်ပေးခဲ့သော်လည်း သင်၏နိုင်ငံက ကျွန်ုပ်ကို နိုဗယ်ငြိမ်းချမ်းရေးဆု မပေးရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့်၊ ကျွန်ုပ်အနေဖြင့် ငြိမ်းချမ်းရေးကိုသာ သန့်သန့်စင်စင် စဉ်းစားပေးရမည့် တာဝန်ရှိသည်ဟု မခံစားရတော့ပါ။ ငြိမ်းချမ်းရေးသည် အမြဲတမ်း အဓိကဖြစ်နေမည် ဆိုသော်လည်း ယခုအခါ အမေရိကန်ပြည်ထောင်စုအတွက် ဘာက ကောင်းမွန်ပြီး သင့်တော်သလဲဆိုသည်ကို ကျွန်ုပ် စဉ်းစားနိုင်ပြီဖြစ်သည်” ဟု ရေးသားခဲ့ခြင်းဖြစ်သည်။
ဒိန်းမတ်နိုင်ငံအနေဖြင့် ဂရင်းလန်းကျွန်းကို ရုရှား သို့မဟုတ် တရုတ်တို့ရန်မှ မကာကွယ်နိုင်ပါဟူသော စွပ်စွဲချက်ကိုလည်း ထရမ့်က ယင်းစာထဲတွင် ထပ်လောင်းပြောကြားခဲ့သည်။
“... ပြီးတော့ သူတို့မှာကော ဘာကြောင့် ‘ပိုင်ဆိုင်ခွင့်’ ရှိနေရတာလဲ။ ကျွန်ုပ်တို့သည် ဂရင်းလန်းကျွန်းကို အလုံးစုံနှင့် အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိသရွေ့ ကမ္ဘာကြီးသည် လုံခြုံမည်မဟုတ်ပါ” ဟုလည်း သူက ရေးသားခဲ့သည်။
အမေရိကန်အား ဂရင်းလန်းကျွန်းကို ဝယ်ယူခွင့်မပေးမချင်း EU အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဒိန်းမတ်၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ဖင်လန်နိုင်ငံတို့အပြင် ဗြိတိန်နှင့် နော်ဝေနိုင်ငံတို့အပေါ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ တိုးမြှင့်သွင်းကုန်ခွန်များ ချမှတ်သွားမည်ဟု ထရန့်က စနေနေ့တွင် ကတိပြုပြောကြားခဲ့သည်။
ထရမ့်သည် နေတိုး (NATO) အဖွဲ့ဝင်ချင်းဖြစ်သော ဒိန်းမတ်နိုင်ငံထံမှ ဂရင်းလန်းကျွန်း၏ အချုပ်အခြာအာဏာကို သိမ်းယူရန် ကြိုးပမ်းမှုကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပြီး၊ ၎င်း၏လမ်းကြောင်းကို ပိတ်ဆို့နေသည့် နိုင်ငံများအပေါ် ပြစ်ဒဏ်ခတ်သည့် သွင်းကုန်ခွန်များ ချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့ရာ ဥရောပသမဂ္ဂ (EU) ဘက်ကလည်း ကိုယ်ပိုင်အစီအမံများဖြင့် တုံ့ပြန်ရန် စတင်ချိန်ဆလာခဲ့သည်။
ဤအငြင်းပွားမှုသည် ဆယ်စုနှစ်ပေါင်းများစွာကြာ အနောက်နိုင်ငံများ၏ လုံခြုံရေးကို အထောက်အပံ့ပေးခဲ့သည့် NATO မဟာမိတ်အဖွဲ့ကို ပျက်ပြားသွားစေရန် ခြိမ်းခြောက်လျက်ရှိသည်။ အဆိုပါမဟာမိတ်အဖွဲ့သည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍လည်းကောင်း၊ ကာကွယ်ရေးအသုံးစရိတ် လုံလောက်စွာ မသုံးစွဲသည့် မဟာမိတ်များကို ကာကွယ်ပေးရန် ထရမ့်က ငြင်းဆိုမှုကြောင့်လည်းကောင်း အဆင်မပြေမှုများ ရှိနှင့်ပြီးဖြစ်သည်။
ထို့အပြင် ယခင်နှစ်က ထရမ့်၏ အလွန်အမင်း မြင့်မားသော သွင်းကုန်ခွန်များကြောင့် နှစ်ဖက်ခေါင်းဆောင်များ ခက်ခက်ခဲခဲ ညှိနှိုင်းရရှိခဲ့သည့် ကုန်သွယ်ရေး သဘောတူညီချက်သည်လည်း ယခုအခါ ပြန်လည်မရေမရာ ဖြစ်လာခဲ့ပြီး EU နှင့် ၎င်း၏ အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်သော အမေရိကန်တို့အကြား ကုန်သွယ်ရေး ဆက်ဆံရေးကို ထိခိုက်စေခဲ့သည်။