ကျိုင်းယင်းဆရာတော်ကြီးအားချီးမြှင့်ထားသည့် "စည်သူ"ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို နိုင်ငံတော် ယာယီသမ္မတမှ လက်ရောက်ဆက်ကပ်
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) က နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော "စည်သူ" ဘွဲ့အား ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်၏ ဦးစီးပဓာနနာယက သက်တော်ရှည်မဟာထေရ်မြတ်ကြီးအား ချီးမြှင့်ခဲ့သည်။
ထိုသို့ ချီးမြှင့်ခဲ့သည့် "စည်သူ"ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များကို နိုင်ငံတော်ယာယီသမ္မတမှ ယနေ့ ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ကျိုင်းယင်းကျောင်းတိုက်၊ ဓမ္မာရုံတော်ကြီး၌ ကျိုင်းယင်းဆရာတော်ကြီးထံ လက်ရောက်ဆက်ကပ်လှူဒါန်းခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတနှင့် တက်ရောက်လာကြသူ များမှ ကျိုင်းတုံမြို့၊ နိုင်ငံတော်ဩဝါဒါစရိယ၊ တူးယားကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီးနောက် နိုင်ငံတော်ယာယီသမ္မတမှ ကျိုင်းယင်းဆရာတော်ကြီးထံ“စည်သူဘွဲ့”တံဆိပ်တော်နှင့် အဆောင်အယောင်များ၊ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူတော်ငွေများကိုဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက နိုင်ငံတော် ယာယီသမ္မတအား ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်အပါအဝင်ပရိတ်တရားတော်ကို ရွတ်ဖတ်ချီးမြှင့်ပူဇော်ကြပြီး ကျိုင်းယင်းဆရာတော်ကြီးမှ ဝမ်းမြောက်ကြောင်းနှင့်ဆုတောင်းမေတ္တာပို့သလွှာ ဩဝါဒကထာမိန့်ကြားတော်မူသည်။
" ပုဂံခေတ်မှစ၍ ကုန်းဘောင်ခေတ်အထိ သမိုင်း ကြောင်းကိုပြန်ကြည့်ပါက သက်တော်ရှည်ဆရာတော်ကြီးတစ်ပါးကို နိုင်ငံတော်အစိုးရမှာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည်ကို မတွေ့ဖူး၊ မကြားဖူးသဖြင့် မိမိကိုယ်တိုင်နှင့် တိုင်းပြည်အုပ်ချုပ်သည့်အစိုးရအဖွဲ့တို့အတွက် ထူးခြားမှုတစ်ခုဟု မှတ်တမ်းတင်ရမည်ဖြစ်ကာ နိုင်ငံတော်ယာယီသမ္မတကြီးနှင့်တကွ တိုင်းသူပြည်သားများအားလုံး ကျန်းကျန်းမာမာချမ်းချမ်းသာသာဖြင့် လုပ်ငန်းဆောင်တာများကို အောင်မြင်စွာဆောင်ရွက်နိုင်ပြီး လိုအင်ဆန္ဒများပြည့်ဝပြည့်စုံကြပါစေရန် ဆုတောင်းမေတ္တာပို့သသည်"ဟု ကျိုင်းယင်းဆရာတော်ကြီးက မိန့်ကြားတော်မူခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ သာသနဝေပုလ္လပရိယတ္တိစာသင်တိုက် ပဓာန နာယက၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိဇယ ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအ တွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြသည်။
“စည်သူဘွဲ့”တံဆိပ်တော်ရ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည်မဟာ ထေရ်မြတ်ကြီးသည် မိုင်းပျဉ်းမြို့၊ ပိန်းဆန်းကျောင်းစာသင်တိုက်၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ယန်းလောစာသင်တိုက်၊ ပါလျှံလုံကျောင်းစာသင်တိုက်များတည်ထောင်ဖွင့်လှစ်၍ ပြည်နယ်အတွင်းပရိယတ္တိသာသနာတည်တံ့အောင် စွမ်းဆောင်လျက်ရှိခြင်း၊ ဆရာတော်ကြီးသည် ဂုံရှမ်းသံဃာတော်များ၏ အဓိပတိဖြစ်ပြီး ဂုံရှမ်းဘာသာဖြင့် နှစ်စဉ်သံဒိဋ္ဌပြက္ခဒိန်တွက်ချက်ရေးဆွဲခြင်းနှင့် မိုင်းခတ်မြို့၊ နှီးဘုရားကြီးပြု ပြင်ခြင်းအား ဦးဆောင်ပြုပြင်ခြင်းဖြင့် ဘာသာသာသ နာအကျိုးတို့ကို ထမ်းဆောင်တော်မူခြင်း၊ ဒေသအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်တော်မူခြင်းတို့ကြောင့် နိုင် ငံတော်ယာယီသမ္မတမှ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များမှ “စည်သူဘွဲ့”တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။