အထူးစစ်နည်းဗျူဟာတွေကို ခေတ်နဲ့အညီကျင့်သုံးနိုင်ဖို့ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာကြား

နည်းပညာခေတ်ဖြစ်၍ စစ်နည်းဗျူဟာများပြောင်းလဲကျင့်သုံးနိုင်ရေး သုတေသနပြုဆောင်ရွက်နေရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ကျိုင်းတုံတပ်နယ်ရှိ နယ်မြေခံတပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းအားကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများကို မှာကြားခဲ့ခြင်းဖြစ်သည်။
" ယနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်တဲ့အတွက် နေ့ စဉ်နဲ့အမျှပြောင်းလဲတိုးတက်လာနေတဲ့ စစ်ဘက်အသုံးအဆောင်ပစ္စည်းတွေအပေါ်မူတည်ပြီး စစ်နည်းဗျူဟာတွေကို ပြောင်းလဲကျင့်သုံးနိုင်ဖို့ သုတေသနပြုဆောင်ရွက်နေရပါမယ်။ သမားရိုးကျစစ်နည်းဗျူဟာတွေကို ခေတ်နဲ့အညီ မွမ်းမံနိုင်ဖို့နဲ့ အထူးစစ်နည်းဗျူဟာတွေကို ခေတ်နဲ့အညီကျင့်သုံးနိုင်ဖို့ဆောင်ရွက်ရပါမယ်"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
ထို့ပြင် နည်းပြများအနေဖြင့်လည်း စံနမူနာပြဖြစ်နေရမည်ဖြစ်ပြီး မိမိတို့တာဝန်ယူရသည့် ဘာသာရပ်များအလိုက်ကျွမ်းကျင်ပိုင်နိုင်သူများဖြစ်ရန်လိုကာ သင်တန်းသားများ၏ နေရေး၊ ထိုင်ရေး၊ စားရေးတို့ကိုလည်း အဆင်ပြေချောမွေ့ မှုရှိအောင်စီမံဆောင်ရွက်ပေးရမည့်နည်းတူ ရပိုင်ခွင့်များအားလုံးရရှိအောင်လည်း ကြပ်မတ်ဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။
ထို့အတူ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း များ၏တာဝန်မှာ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်သည်တစ်ဦးချင်းစီ၏ အရည်အသွေးများတိုးတက်လာအောင်လေ့ကျင့်ပေးခြင်းဖြစ်ရာ လေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်ပါက လုံးဝလျှော့ပေါ့၍ရမည်မဟုတ်ဘဲ စနစ်တကျဖြင့် ကြပ်မတ်လေ့ကျင့်ရန်လိုကာ လေ့ကျင့်သားပြည့်ဝမှသာ တိုက်ရည်ခိုက်ရည်နှင့် ရဲစွမ်းသတ္တိများကောင်းမွန်လာမည်ဖြစ်ပြီး လက်တွေ့စစ်မြေပြင်တွင် ကောင်းမွန်သည့်ရလာဒ်ကိုဖော်ဆောင်နိုင်မည်ဟု ပြောသည်။
" သင်တန်းကျောင်းမှာ လက်တွေ့စစ်မြေပြင်သဖွယ်ဖန်တီးပြီး လေ့ကျင့်ပေးဖို့လိုပါတယ်။ သင်တန်းကျောင်းတွေက စနစ်တကျလေ့ကျင့်မွေးထုတ်ပေး လိုက်နိုင်မှသာ စစ်သည်တော်ကောင်းတွေရရှိလာမှာဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် မိမိတို့ လေ့ကျင့်မွေးထုတ်ပေးလိုက်သည့်စစ် သည်တော်များသည် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံ့ခိုင်သန်စွမ်းသူများဖြစ်ရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုနိုင်ရမည်ဖြစ်ကာ နိုင်ငံတော်ကာကွယ်ရေးအခန်းကဏ္ဍသည် အလွန်ကျယ်ပြန့်၍ လေ့ကျင့်ရေးတာဝန်များကို အလေးအနက်ထားဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။

image