မိုက်ကယ်ကာရစ်ကြောင့် ပရိသတ်များမှာ ဖာဂူဆန်ခေတ်အရသာ ခံစားလာရစေကြောင်း ဝိန်းရွန်းနီ ပြောကြားလာ
====================
ဝိန်းရွန်းနီက မန်ချက်စတာယူနိုက်တက်ရဲ့ လူငယ်ပရိသတ်များမှာ မိုက်ကယ်ကာရစ်ကြောင့် ဆာအဲလက်စ်ဖာဂူဆန်ခေတ်အရသာမျိုး ခံစားလာရစေကြောင်း ပြောကြားလာပါတယ်။
အသက် ၄၄ နှစ်ရှိ မိုက်ကယ်ကာရစ်ဟာ ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် အင်္ဂါနေ့တုန်းက ယူနိုက်တက်ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက် ပထမဆုံးပွဲအဖြစ် အိုးထရက်ဖို့ဒ်တွင် မန်စီးတီးနှင့် ရင်ဆိုင်ရတဲ့ မန်ချက်စတာဒါဘီပွဲအား ကိုင်တွယ်ခဲ့ရာ ၂-၀ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ကာရစ်နှင့်အတူ ကစားသမားဘဝတုန်းက ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ ဝိန်းရွန်းနီက ကစားဖော်ဟောင်းရဲ့ ဦးဆောင်မှုကြောင့် ပရိသတ်များမှာ ဆာအဲလက်စ်ဖာဂူဆန် လက်ထက် ယူနိုက်တက်အရသာမျိုး ခံစားလာရစေကြောင်း ဆိုသွားပါတယ်။
ဝိန်းရွန်းနီက "ကွင်းထဲမှာ ကျွန်တော် ရှိမနေပါဘူး။ ဘီဘီစီစတီဒီယိုကို ရောက်နေတယ်။ ဒါပေမယ့် ကွင်းထဲမှာ ကွဲပြားတာကို မြင်ရဲ့လား။ သူ(ကာရစ်)ပွဲမတိုင်ခင် လမ်းလျှောက်ဝင်လာတယ်။ ပရိသတ်တွေကို အားပေးဖို့ လှုံဆော်တယ်။ ပရိသတ်တွေ မနေ့က တခုခု ခံစားခဲ့ရတယ်ထင်တယ်လို့ ထင်တယ်။ ဆာအဲလက်ဖာဂူဆန် ခေတ်တုန်းက အရသာ ခံစားရတယ်။ တချို့ လူငယ်တွေဟာ ဖာဂီထွက်ခွာသွားပြီးတဲ့နောက် နောက်ဆုံး ၁၀ နှစ် ၁၃ နှစ်မှာ ဆိုးရွားတဲ့ကာလကို ဖြတ်ကျော်ခဲ့ရတာပါ။ အသင်း ကောင်းကောင်းကစားတာ မမြင်ခဲ့ရဖူးဘူး။ ကျွန်တော်လည်း တချို့အသင်းတွေမှာ အစိတ်အပိုင်းအဖြစ် ပါခဲ့ဖူးတယ်။ အဲဒီက တချို့မှာ ပါဝင်ကစားခဲ့တယ်။ အသင်းက ကောင်းကောင်းမကစားခဲ့ဘူး။ စွမ်းအင်နဲ့ ယုံကြည်မှုနဲ့ တိုက်ပွဲဝင်တာ၊ ဘောလုံးကို ရဲရဲဝံ့ဝံ့ဖျက်တာ မမြင်ခဲ့ရဘူး။ တဖက်မှာ ခံနိုင်ရည်ပြီး ယှဉ်ပြိုင်ဖို့ ခက်ခဲတယ်။ မနေ့ကတော့ ပရိသတ်တွေ ခံစားခဲ့ရတယ်။ လာမယ့် ၁၆ ပွဲမှာလည်း ဒီလိုပဲ ကြုံရဖို့ မျှော်လင့်တယ်"လို့ ပြောကြားသွားပါတယ်။