နည်းပြရာထူးအတွက် ဒေါ့မွန်နည်းပြနီကိုကိုဗစ်အား ဆက်သွယ်မေးမြန်းလာတဲ့ ယူနိုက်တက်
====================
ယူနိုက်တက်ဟာ နည်းပြသစ်အဖြစ် ခန့်အပ်ထားရေးအတွက် နီကိုကိုဗစ်အား ဆက်သွယ်မေးမြန်းမှု ပြုလုပ်လာကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ဇန်နဝါရီလအစောပိုင်းတုန်းက ရူဘင်အမိုရမ်အား ထုတ်ပယ်ခဲ့ပါတယ်။
လက်ရှိအချိန်တွင် ကွင်းလယ်ကစားသမားဟောင်းမိုက်ကယ်ကာရစ်က ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ယူနေပါတယ်။
ယူနိုက်တက်ဟာ ရာသီအကုန်တွင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေး နည်းပြရှာဖွေမှုများ ပြုလုပ်နေပြီး နီကိုကိုဗစ်ကိုလည်း လျာထားစာရင်းထဲတွင် ထည့်သွင်းလာကြောင်း Sky Sports က ဖော်ပြသွားပါတယ်။
ဒါကြောင့်လည်း ယူနိုက်တက်ဟာ နီကိုကိုဗစ်ရဲ့ အခြေအနေနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းစုံစမ်းမှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
ဂျာမန်ဖွား အသက် ၅၄ နှစ်ရှိ ခရိုအေးရှားနည်းပြဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကတည်းက ဒေါ့မွန်ကို ကိုင်တွယ်လာတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ခြောက်လကမှ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးချုပ်ဆိုထားသူ ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ရဲ့ ဂျာမန်လူမျိုး အင်အားစုဆောင်းရေးဒါရိုက်တာခရစ္စတိုဖာဗီဗီးလ်က နီကိုကိုဗစ်အား ပရီးမီးယားလိဂ်သို့ ခေါ်ဆောင်ရန် ဆန္ဒရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်အလယ်တန်းကစားသမားဟောင်းဟာ ခရိုအေးရှား၊ ဖရန့်ဖတ်၊ ဘိုင်ယန်မြူးနစ်၊ မိုနာကိုနှင့် ဝုဖ်ဘတ်တို့ကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ခရိုအေးရှားအတွက် ၈၃ ပွဲကစားခဲ့တဲ့ ကိုဗစ်ဦးဆောင်တဲ့ ဒေါ့မွန်ဟာ ဘွန်ဒက်စ်လီဂါတွင် ထိပ်ဆုံးမှ ဘိုင်ယန်နှင့် ၁၁ မှတ်အကွာ ဒုတိယနေရာတွင် ရပ်တည်နေပြီး ချန်ပီယံလိဂ်တွင်အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။
တဖက်တွင် နီကိုကိုဗစ်ကိုယ်တိုင်ကလည်း ကမ္ဘာ့အကောင်းဆုံးလိဂ် ပရီးမီးယားလိဂ်သို့ ပြောင်းကာ စိန်ခေါ်မှုအသစ် ရင်ဆိုင်ရန် စိတ်အားထက်သန်နေပါတယ်။
စပါးစ်ဟာ ၂၀၂၁ ခုနှစ်တုန်းက နီကိုကိုဗစ်ကို ခန့်အပ်ရန် စိတ်ဝင်စားခဲ့ဖူးပြီး နောက်ဆုံးတွင် နူနိုအက်စ်ပီရီတိုဆန်တိုအား ခန့်အပ်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ရာသီအကုန်တွင် နည်းပြသစ်အဖြစ် ခန့်အပ်ထားရေးအတွက် လျာထားစာရင်းတွင် နီကိုကိုဗစ်အပြင် ချဲလ်ဆီးနည်းပြဟောင်းအန်ဇိုမာရက်စ်ကာ၊ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇာဘီးအလွန်ဆို၊ ခရစ္စတယ်ပဲလေ့စ်နည်းပြအိုလီဗာဂလပ်စ်နာ၊ အင်္ဂလန်နည်းပြသောမတ်စ်တူချယ်၊ အင်္ဂလန်နည်းပြဟောင်းဂါရတ်ဆောက်ဂိတ်၊ ပီအက်စ်ဂျီနည်းပြလူးဝစ်အန်းနရစ်၊ ဘရာဇီးနည်းပြကာလိုအန်ဆယ်လော့တီတို့ကိုလည်း လျာထားပါသေးတယ်။
လက်ရှိ ယူနိုက်တက်ယာယီနည်းပြမိုက်ကယ်ကာရစ်ကတော့ စနေနေ့တုန်းက မန်ချက်စတာဒါဘီပွဲတွင် မန်စီးတီးကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ တာထွက်ကောင်းနေပါတယ်။
ကာရစ်ဟာ ယူနိုက်တက်ရဲ့ လက်ကျန် ၁၆ ပွဲကို ဆက်လက် ကိုင်တွယ်လာမှာ ဖြစ်ပြီး ဒုတိယမြောက်ပွဲအဖြစ် ယခုအပတ်အကုန်တွင် အာဆင်နယ်နှင့် ရင်ဆိုင်ရပါမယ်။