10 နာရီ - ဘာသာပြန်ပါ။

အာဆီယံ ဒစ်ဂျစ်တယ် ဝန်ကြီးများအစည်းအဝေး မြန်မာပါဝင်တက်ရောက်

အာဆီယံ ဒေသတွင်း ဒစ်ဂျစ်တယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် အားလုံးပါဝင်သော AI အသုံးပြုမှု မြှင့်တင်ရေးပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပသည့် (၆) ကြိမ်မြောက် အာဆီယံ ဒစ်ဂျစ်တယ် ဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက ပို့ဆောင်ရေး ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို ဇန်နဝါရီ (၁၅) ရက် နှင့် (၁၆) ရက်နေ့တို့ ၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး အာဆီယံဒေသတွင်း ဒစ်ဂျစ်တယ် ဖွံဖြိုးတိုးတက်ရေး အစီစဉ်များကို အောင်မြင်စွာ အကောင်ထည်ဖော်နိုင်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။
ဘေးကင်းလုံခြုံမှု၊ကျင့်ဝတ်ရှိမှုနှင့် အားလုံးပါဝင်သော AI အသုံးပြုမှုကို မြှင့်တင်၍ သမာရိုးကျ ဆက်သွယ်ပေါင်းစည်းမှုကဏ္ဍများတွင် ညဏ်ရည်တုစနစ်များကို အခြေခံ၍ ဖော်ဆောင်ရန် ပူးပေါင်းဆောင်ရွက်မှုများနှင့် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အာဆီယံ၏ ဆက်သွယ်မှုကွန်ယက်များကို ညဏ်ရည်တုစနစ်ဖြင့် အားဖြည့်ထားပြီး ယုံကြည်စိတ်ချမှုအပြည့်ရှိကာ ပြည်သူပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်သည့် ဆက်သွယ်ပေါင်းစည်းမှု ပုံစံတစ်ခု အသွင်ပြောင်းလဲတက်လှမ်းတည်ဆောက်ရန် ရည်ရွယ်ချက်ကို ထောက်ခံကြောင်း ပို့ဆောင်ရေး ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် စီမံကိန်းများကို ပြန်လည်သုံးသပ်ခြင်း နှင့် ၂၀၂၆ တွင်ဆောင်ရွက်မည် စီမံကိန်းများ အတည်ပြုခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၆) ကြိမ်မြောက် အာဆီယံ ဒစ်ဂျစ်တယ် အစည်းအအဝေးနှင့် ဆက်စပ်အစည်းဝေးကို အာဆီယံ အဖွဲ့ဝင်နိုင်ငံ(၁၁)နိုင်ငံ နှင့်အတူ ဂျပန်၊ ကိုရီးယား၊တရုတ်၊အိန္ဒိယ၊ အမေရိကန်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်တို့မှ ဒစ်ဂျစ်တယ်ကဏ္ဍဆိုင်ရာ ဝန်ကြီးအဆင့်ရှိသူများ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

image