6 ပတ် - ဘာသာပြန်ပါ။

အိမ်ရှင်မော်ရိုကိုအား အနိုင်ရတဲ့ အာဖရိကဖလားဗိုလ်လုပွဲမှ အပြုအမူကြောင့် အာဖရိကရဲ့ စစ်မှန်တဲ့ ဘောလုံးသူရဲကောင်းအဖြစ် ချီးကျူးခံနေရတဲ့ ဆာဒေယိုမာနေး
===================

ဆာဒေယိုမာနေးဟာ ဆီနီဂေါအတွက် နောက်ထပ် တစ်ကြိမ် သူရဲကောင်း ဖြစ်လာခဲ့ပြန် ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးမျှော်လင့်ထားတဲ့ အကြောင်းပြချက်မျိုးကြောင့်တော့ မဟုတ်ပါဘူး။
ဘိုင်ယန်မြူးနစ်နှင့် လီဗာပူးစတားဟောင်းဟာ တနင်္ဂနွေနေ့ညတုန်းက အိမ်ရှင် မော်ရိုကိုအား ဗိုလ်လုပွဲတွင် အနိုင်ရရှိကာ ဆီနီဂေါနှင့်အတူ ဒုတိယအကြိမ်မြောက် အာဖရိကဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ယင်းပွဲရဲ့ အချိန်ပို ၉၈ မိနစ်မှာ ဒိုင်လူကြီးက ဘရာဟမ်ဒီယာ့ဇ်ကို နောက်ခံလူအယ်ဟာဂျီမာလစ်ခ်ဒီယော့ဖ်က ပြစ်ဒဏ်ကျူးလွန်မှုအတွက် မော်ရိုကိုဘက်သို့ ပင်နယ်တီ ပေးလိုက်ချိန်မှာတော့ ဆီနီဂေါနည်းပြပါပီသီယော်ဟာ ဆီနီဂေါတစ်သင်းလုံးကို ကွင်းမှ ထွက်ခွာဖို့ ညွှန်ကြားခဲ့ပါတယ်။
ဆီနီဂေါကစားသမားတွေအားလုံး အဝတ်အစားလဲခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် ကွင်းအတွင်းကျန်ရစ်ခဲ့တဲ့ မာနေးဟာ အဝတ်အစားလဲခန်းသို့ လိုက်ပါသွားကာ ဆီနီဂေါကစားဖော်တွေကို ပွဲကို ပြီးဆုံးအောင် ကစားဖို့ တိုက်တွန်းခဲ့ပါတယ်။
ယင်းဖြစ်ရပ်ကြောင့် ၁၇ မိနစ်ဝန်းကျင်ခန့် ပွဲကို ရပ်ဆိုင်းခဲ့ရပြီး နောက်ပိုင်းမှာ ပွဲကို ပြန်လည် စတင်နိုင်ခဲ့ပါတယ်။
အံ့ဩသင့်ဖို့ကောင်းစွာဘဲ မော်ရိုကိုစတားဒီယာ့ဇ်က ယင်းပင်နယ်တီအား Panenka ကန်ချက်ဖြင့် ကန်ရာမှာ ဆီနီဂေါဂိုးသမားမန်ဒီက အလွယ်တကူပဲ ကာကွယ်သွားနိုင်ခဲ့ပြီး ပွဲအလှည့်အပြောင်း ဖြစ်သွားပါတော့တယ်။
အချိန်ပိုတွင် ဂိုးမရှိသရေကျနေချိန်မှာ ပါပီဂူယီက ဆီနီဂေါအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူလာပါတော့တယ်။
နောက်ဆုံး အာဖရိကဖလားပြိုင်ပွဲကစားတာလို့ ပြောဆိုထားတဲ့ မာနေးဟာ ဆီနီဂေါကစားဖော်တွေရဲ့ အသင်းခေါင်းဆောင်လက်ပတ် ပေးခြင်းခံရပြီး အာဖရိကဖလားအား ကိုင်မြှောက်ခဲ့ပါတယ်။
မာနေးက "ဘောလုံးက ထူးခြားတဲ့အရာပါ။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတယ်။ ကမ္ဘာကြီးက ဘောလုံးကို ချစ်တယ်။ ဘောလုံးက ပျော်စရာပါ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ဘောလုံးအတွက် ကောင်းတဲ့ ပုံရိပ်ပေးရပါမယ်။ ဒိုင်လူကြီးက ပင်နယ်တီ တစ်လုံးပေးလို့ဆိုပြီး ပွဲကို ပြီးအောင် မကစားတာတော့ မှားတယ်လို့ ထင်တယ်။ ပင်နယ်တီပေးလိုက်လို့ ပွဲကနေ ထွက်ခွာသင့်လား။ အာဖရိကဘောလုံးအတွက် ပိုတောင်ဆိုးရွားလာစေမယ်လို့ ထင်တယ်။ ကျွန်တော်တို့ရဲ့ ပွဲမှာ ဒီလို ဖြစ်တာမျိုးထက် ရှုံးရတာ ပိုကောင်းတယ်လို့ ထင်တယ်။ အရမ်းဆိုးတယ်လို့ ထင်တယ်။ ဒီလို အဖြစ်အပျက်အတွက် ဆယ်မိနစ်လောက် ပွဲရပ်တာမျိုး မဖြစ်သင့်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘာများ တတ်နိုင်လို့လဲ။ လုပ်ခဲ့တာအတွက် လက်ခံရမယ်။ ဒါပေမယ့် ကောင်းမွန်တာ ပြန်ဖြစ်လာတယ်။ ကျွန်တော်တို့ ပွဲကစားခဲ့တယ်။ ဖြစ်ခဲတာက ဖြစ်ခဲ့ပြီးပါပြီ"လို့ ပြောကြားသွားပါတယ်။
နိုင်ဂျီးရီးယားတိုက်စစ်မှူးဟောင်းဒါနီရယ်အေမိုကာချီက "မာနေးဟာ သူ့အသင်း ကွင်းထဲ ပြန်ဝင်လာဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်။ ဒီအတွက် အကျိုးရလဒ်ပြန်ခံစားခဲ့ရတယ်။ သူက ဘောလုံးလောကရဲ့ သံတမန်ပါ။ ကွင်းပြင်ပမှာ သူ ဘယ်လို လူမျိုးလဲဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။ ဘောလုံးက ဘာလဲဆိုတာကိုလည်း သူ သိတယ်"လို့ ပြောကြားသွားပါတယ်။
မော်ရိုကိုလက်ရွေးစင်ဟောင်းဟာဆန်ကတ်ရှ်လူလ်ကလည်း "အာဖရိကနဲ့ ကမ္ဘာ့ဘောလုံးတို့ဟာ မာနေးကြောင့် မဆုံးရှုံးလိုက်ရတာပါ။ သူက ကြီးကျယ်တဲ့ လူတစ်ယောက်ဆိုတာ ပြသခဲ့တယ်။ အဝတ်အစားလဲခန်းသို့ ပြန်သွားပြီး ကစားသမားတွေကို ပြန်ခေါ်လာခဲ့တယ်။ မာနေးက သူတို့ကို ပြန်ခေါ်ဆောင်ခဲ့တဲ့သူပါ"လို့ ပြောကြားသွားပါတယ်။

image