ယူနိုက်တက်ကစားသမားဟောင်းများရဲ့ မှတ်ချက်စကားများမှာ ကျိုးကြောင်း ဆီလျောက်ခြင်းမရှိကြောင်း မိုက်ကယ်ကာရစ် ပြောကြားလာ
====================

မိုက်ကယ်ကာရစ်က ယူနိုက်တက်ကစားသမားဟောင်းများရဲ့ ဝေဖန်ပြောဆိုမှုများမှာ ကျိုးကြောင်း ဆီလျော်ခြင်း မရှိကြောင်းနှင့် ရွိုင်းကိန်းရဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပြောဆိုမှုမှာ သူ့အပေါ် တစုံတရာ ရိုက်ခတ်ခြင်း မရှိကြောင်း ပြောကြားလာပါတယ်။
မိုက်ကယ်ကာရစ်ဟာ ၂၀၀၆ ခုနှစ်တုန်းက စပါးစ်မှ ယူနိုက်တက်သို့ ရောက်လာပြီးနောက် ရွိုင်ကိန်းရဲ့ ကျောနံပါတ် ၁၆ ကို ဆက်ခံခဲ့သူ ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ ၂၀၁၄ ချန်ပီယံလိဂ်တွင် အိုလံပီယာကို့စ်အား ရှုံးနိမ့်ကာ ခက်ခဲတဲ့ ရာသီအစ ကြုံခဲ့ရပါတယ်။ ယင်းပွဲအပြီးတွင် ရွိုင်ကိန်းက မိုက်ကယ်ကာရစ်ရဲ့ ခြေစွမ်းအပေါ် ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။ ယင်းကို ကာရစ်ရဲ့ ဇနီးသည် လီဆာက ရွိုင်ကိန်းအား ဆိုရှယ်မီဒီယာမှ ပြန်လည်ဝေဖန်ခဲ့ပါတယ်။
သူမဟာ နောက်ပိုင်းတွင် ယင်းပို့စ်အား ဖျက်ခဲ့ပေမယ့် ယင်းပြဿနာမှာ ယခု ယူနိုက်တက်ယာယီနည်းပြအဖြစ် ကာရစ် ခန့်အပ်ခံလာရချိန်မှာ ပြန်အစပြုလာပါတယ်။
ရွိုင်းကိန်းက ယင်းဖြစ်ရပ်ကို မမေ့သေးဘဲ Stick to Football အစီအစဉ်တွင် လီဆာအား အာကျယ်မလို့ ဝေဖန်ပြောဆိုခဲ့သလို ဂျွန်နီအီဗန့်အား ယူနိုက်တက်နည်းပြအဖွဲ့တွင် ခန့်အပ်လာမှုအပေါ်တွင်လည်း ဝေဖန်ခဲ့ပါတယ်။
ရွိုင်ကိန်းဟာ ယူနိုက်တက်ကစားဖော်ဟောင်းဂယ်ရီနဗီးလ်နှင့်အတူ ယနေ့ည ကာရစ်ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်အား Sky Sports ရုပ်သံတွင် ဝေဖန်သုံးသပ်သူအဖြစ် လုပ်ဆောင်လာပါမယ်။
ကာရစ်က "သူတို့က ကျွန်တော့်အပေါ် ဘာမှ ဖိအားမပေးပါဘူး။ ကိုယ်ပိုင်အမြင်တွေ အများကြီး ရှိကြတာပဲလေ။ တချို့က အပြုသဘောဆောင်တယ်။ တချို့လည်း မပြင်းထန်ဘူး။ ဒါတွေက ကျွန်တော် အာရုံစိုက်နေတာနဲ့ ကျိုးကြောင်း ဆီလျော်မှု မရှိပါဘူး။ ပြောလို့ရတာတွေ အများကြီးပါ။ ‌ဒါပေမယ့် ဒါတွေအပေါ် ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော့်အတွက် ကစားသမားတွေနဲ့ နည်းပြအဖွဲ့က ဘယ်လို အောင်မြင်အောင် လုပ်ရမလဲဆိုတာကိုပဲ အာရုံစိုက်တယ်"လို့ ပြောကြားသွားပါတယ်။
ရွိုင်ကိန်းက ပုဂ္ဂိုလ်ရေး တိုက်ခိုက် ပြောဆိုလာမှုအပေါ် ကာရစ်က "ဘာအနှောင့်အယှက်မှ မဖြစ်ပါဘူး"လို့ ဆိုသွားပါတယ်။
ဒါ့အပြင် ကာရစ်က ယူနိုက်တက်အား ယာယီနည်းပြအဖြစ် ကြီးကြပ်ရမယ့် ၁၇ ပွဲတွင် မည်သည့် ပစ်မှတ်မျှ မရှိကြောင်း၊ သို့ရာတွင် ဥရောပဝင်ခွင့် ရရှိလာပါက ကြီးမားတဲ့ ခြေလှမ်းဖြစ်လာမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

image