1 ရက် - ဘာသာပြန်ပါ။

ယူနိုက်တက်ယာယီနည်းပြရာထူးနှင့် လွဲချော်ခဲ့ပေမယ့် အလုပ်သစ် ရရှိလာတဲ့ ရုဒ်ဗန်နစ္စတယ်ရွိုင်း
======================

ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်ယာယီနည်းပြရာထူးနှင့် လွဲချော်ခဲ့ပြီး ရက်အနည်းငယ်အကြာမှာ နယ်သာလန်လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခြင်းခံလာရပါတယ်။
ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟာ ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံရပြီး‌နောက် ယူနိုက်တက်ယာယီနည်းပြရာထူးအတွက် လျာထားစာရင်းတွင် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် နောက်ဆုံးတွင် မိုက်ကယ်ကာရစ်က အိုလီဂန်းနားဆိုးလ်ရှားနှင့် ရုဒ်ဗန်နစ္စတယ်ရွိုင်းတို့အား ကျော်ဖြတ်ကာ ယူနိုက်တက်ယာယီနည်းပြရာထူးကို ရယူသွားခဲ့ပါတယ်။
ဒတ်ချ်တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက လက်စတာမှ ထွက်ခွာခဲ့ရပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့သူပါ။
သူဟာ ယခင်တုန်းက အဲရစ်တန်ဟက်ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သလို အမိုရမ် မရောက်လာပြီး ယူနိုက်တက်အား ယာယီနည်းပြအဖြစ် ၄ ပွဲ ကိုင်တွယ်ခဲ့ဖူးပါတယ်။
ယခုအခါမှာတော့ အသက် ၄၉ နှစ်ရှိ နစ္စတယ်ရွိုင်းဟာ နယ်သာလန်နည်းပြရော်နယ်ကိုးမန်းရဲ့ ညာလက်ရုံးအဖြစ် ခန့်အပ်ခြင်းခံလာရပါတယ်။
နစ္စတယ်ရွိုင်းဟာ ၂၀၂၀ ခုနှစ်မတ်လမှ ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ ဖရန့်ဒီဘိုးဝါးလက်အောက်တွင် နယ်သာလန်လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ဖူးသူ ဖြစ်ပါတယ်။
ယူနိုက်တက်အတွက် ၂၁၉ ပွဲကစားခဲ့ရာမှာ ဂိုး ၁၅၀ သွင်းခဲ့တဲ့ သူဟာ ပီအက်စ်ဗွီလူငယ်အသင်းကိုလည်း ကိုင်တွယ်ဖူးသလို ၂၀၂၂ ခုနှစ်တွင် ပထမအသင်းအား ကိုင်တွယ်ပြီးနောက် ဒတ်ချ်ရှုံးထွက်ဖလား ရယူပေးခဲ့ဖူးသူ ဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းအား ခန့်အပ်လိုက်ပြီးနောက် နယ်သာလန်နည်းပြကိုးမန်းက "ရုဒ်ရဲ့ သူမတူတဲ့ စတိုင်နဲ့ ဘောလုံးအပေါ် အမြင်တွေကြောင့် ကျွန်တော်တို့ နည်းပြအဖွဲ့အတွက် အဖိုးတန်တဲ့ အားဖြည့်မှု ဖြစ်လာပါမယ်။ သူက ထိပ်တန်းအဆင့်အတွေ့အကြုံရှိသူပါ။ ကစားသမားတစ်ဦးရော နည်းပြတစ်ဦးအဖြစ်ပါ အတွေ့အကြုံတွေ အများကြီး ယူလာပါမယ်"လို့ ဆိုသွားပါတယ်။

image