ဗင်နီဇွဲလားကို အချိန်တန်ရင် ဦးဆောင်မယ်လို့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာချာဒို ပြော

ဗင်နီဇွဲလားနိုင်ငံကို အချိန်တန်ရင် ဦးဆောင်သွားမယ်လို့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုက ကတိပြုပြောဆိုလိုက်ပါတယ်။
"တာဝန်တခုရှိတယ်၊ ကျွန်မတို့က ဗင်နီဇွဲလားကို အကောင်းဆုံးနိုင်ငံအဖြဟ် ပြောင်းလဲသွားမယ်၊ အချိန်တန်ရင် ဗင်နီဇွဲလားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမယ်လို့ ယုံကြည်ပါတယ်" လို့ သူမက Fox News ကို ပြောပါတယ်။
သူမရဲ့ မှတ်ချက်တွေက သမ္မတ ဒေါ်နယ်ထရမ့်ကို နိုဘယ်ငြိမ်းချမ်းရေးဆုတံဆိပ် ပေးအပ်ပြီး တရက်အကြာမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒါဟာ ဗင်နီဇွဲလားရဲ့ လွတ်လပ်မှုအတွက် သူ့ရဲ့ ကတိကဝတ်ကို အသိအမှတ်ပြုတာလို့ ဆိုပါတယ်။
ဒါအပြင် ဗင်နီဇွဲလားမှာ စနစ်တကျ အသွင်ကူးပြောင်းမှု ရှိလာလိမ့်မယ်လို့ သူ ပြောပါတာ်. အမေရိကန်စစ်တပ်ဟာ ဇန်နဝါရီလ ၃ ရက်နေ့က ကာရာကတ်စ်မှာ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်စွဲချက်အမျိုးမျိုးနဲ့ ရင်ဆိုင်ဖို့ နယူးယောက်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။
ဒါပေမယ့် ထရန့်ကတော့ မာချာဒိုကို ဗင်နီဇွဲလားရဲ့ ခေါင်းဆောင်သစ်အဖြစ် ထောက်ခံဖို့ ငြင်းဆိုခဲ့ပြီး ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ အတိုက်အခံလှုပ်ရှားမှုက အောင်ပွဲခံခဲ့ပေမယ့် ပြည်တွင်းထောက်ခံမှု လုံလောက်မှု မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဒီအစား မာဒူရိုရဲ့ ဒုတိယသမ္မတဖြစ်သူ ဒရီဂွက်ဇ်ကို နိုင်ငံဦးဆောင်ခွင့်ပေးခဲ့ပါတယ်။ သူဟာ နှစ်နိုင်ငံအကြား ယုံကြည်မှုနဲ့ ဆက်သွယ်ရေးတည်ဆောက်ဖို့ ရည်ရွယ်ချက်အတွက် သမ္မတထရန့်ရဲ့ ညွှန်ကြားချက်အရ CIA ညွှန်ကြားရေးမှူးနဲ့ နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမေရိကန်အရာရှိတယောက်က ပြောပါတယ်။
"ညွှန်ကြားရေးမှူး ရတ်ကလစ်ဖ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာရှိတဲ့ အခွင့်အလမ်းတွေနဲ့ ဗင်နီဇွဲလားဟာ အမေရိကန်ရဲ့ ရန်သူတွေအတွက် ဘေးကင်းတဲ့ ခိုလှုံရာတခု မဖြစ်နိုင်တော့ကြောင်း ဆွေးနွေးခဲ့တယ်" လို့ အမေရိကန်အရာရှိက ပြောပါတယ်။

image