တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ယိုးလ် ထောင်ငါးနှစ်ကျခံရတော့မယ်

တောင်ကိုရီးယားနိုင်ငံမှာ ရာထူးမှ ဖြုတ်ချခံရတဲ့ သမ္မတ ယွန်းဆွတ်ယိုးလ်ဟာ အာဏာအလွဲသုံးစားမှု၊ တရားဥဒေစိုးမိုးရေးကို နှောက်ယှက်မှု ၊ ၂၀၂၄ ခုနှစ်မှာ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်မှုတို့ကြောင့် ထောင်ငါးနှစ်ကျခံရတော့မှာ ဖြစ်ပါတယ်။
ဒါဟာ အံ့အားသင့်ဖွယ် စစ်အုပ်ချုပ်ရေးအမိန့်နဲ့ ဆက်စပ်နေတဲ့ ရုံးတင်စစ်ဆေးမှုလေးခုမှာ ပထမဆုံး စီရင်ချက်ပါတယ်။ စစ်အုပ်ချုပ်ကြေညာမှုဟာ ခဏတာဆိုပေမယ့် တနိုင်ငံလုံးမှာ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး လွှတ်တော်အမတ်တွေဟာ ယွန်းဆွတ်ယိုးလ်ရဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ဖို့ ညတွင်းချင်းလွှတ်တော်ခေါ် ပယ်ချခဲ့ပါတယ်။
သူ့ရဲ့ လုပ်ရပ်တွေဟာ နိုင်ငံကို နိုင်ငံရေးအကျပ်အတည်းထဲသို့ တွန်းပို့ခဲ့တယ်လို့ တရားသူကြီးတယောက်က ပြောပါတယ်။ ကျန်ရုံးတင်စစ်ဆေးမှုတွေမှာတော့ အာဏာအလွဲသုံးစားမှုမှကနေ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှုတွေအထိ ပါဝင်ပါတယ်။
အပြင်းထန်ဆုံးစွဲချက်ကတော့ ပုန်ကန်မှုဖြစ်ပြီး အစိုးရရှေ့နေတွေက သေဒဏ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီရုံးတင်စစ်ဆေးမှုမှာ စီရင်ချက်ဟာ ဖေဖော်ဝါရီလမှာ ထွက်ပေါ်လာဖွယ်ရှိပါတယ်။ သမ္မတဟောင်းကို ထောက်ခံသူ ၁၀၀ ခန့်ဟာ သောကြာနေ့က တရားရုံးအပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။
ယွန်းဆွတ်ယိုးလ်ဟာ သမ္မတရဲ့ ကိုယ်ရံတော်တွေကို အသုံးပြုပြီး ဖမ်းဆီးခံရမှာကို ကာကွယ်ဖို့၊ စစ်အုပ်ချုပ်ရေး ကြေညာခင်မှာ သူ့ရဲ့ အစိုးရအဖွဲ့တစ်ခုလုံးနဲ့ တိုင်ပင်ဆွေးနွေးဖို့ ပျက်ကွက်ခဲ့မှု၊ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးက စစ်အုပ်ချုပ်ရေး အဆိုပြုချက်ကို ထောက်ခံခဲ့တယ်လို့ ဆိုထားတဲ့ အတုအယောင်စာရွက်စာတမ်းတခုကို ရေးဆွဲပြီး ဖျက်ဆီးခဲ့မှုတွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရပါတယ်။
"တရားခံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေကို ကာကွယ်ဖို့ တာဝန်ရှိပေမယ့် ဒါတွေကို ကျောခိုင်းခဲ့တယ်" လို့ တရားသူကြီးက ပြောပါတယ်။ အစိုးရရှေ့နေတွေက သောကြာနေ့က ဆုံးဖြတ်ချက်မှာ စွပ်စွဲချက်တွေအတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ နှစ်ဖက်စလုံးမှာ အယူခံဝင်ဖို့ ရက်ခုနစ်ရက် ရှိပါတယ်။

image