မိုင်းရယ်၌ မူးယစ်ဆေးချက် ပစ္စည်းများနှင့် ဂိုထောင်များ ထပ်မံ သိမ်းဆည်းရမိ
---------------------------------

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ နားလင်းကျေးရွာအနီးမှာ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ နဲ့ ဂိုထောင်တွေ ထပ်မံ သိမ်းဆည်းရမိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၅ ရက်၊ နေ့လယ်ပိုင်းမှာ မိုင်းရယ်မြို့ရဲ့ အနောက်မြောက်ဘက် ၃၄ ကီလိုမီတာအကွာ ၊ နားလင်းကျေးရွာရဲ့ အရှေ့မြောက်ဘက် ၁၄ ကီလိုမီတာ အကွာ အရင်သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်တဲ့ နေရာရဲ့ မြောက်ဘက် ၂ ဒသမ ၅ ကိလိုမီတာ အကွာမှာရှိတဲ့ မသင်္ကာဖွယ်ရာ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ အ ဆောက်အအုံကို တွေ့ရှိတဲ့အတွက် သွားရောက်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို ရှင်းလင်းခဲ့ရာ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ အမျိုးအစား စိစစ်ဆဲ အက်ဆစ်တွေ ထည့်ထားတဲ့ ပုံးပြာ အလုံး ၃၅၀၀ နဲ့ သံပေပါ ၅၀၇ လုံး၊ ဂက်စ်အိုး ၂၄၃ လုံး၊ မီးစက် ၂ လုံး၊ ဆေးပြားရိုက် စက် ၉ လုံး၊ Happy Water ထုတ်လုပ်တယ်လို့ ယူဆရတဲ့ စက်ရုံဂိုထောင် ၁ လုံး၊ ဆေးပြားအခြောက်ခံဗန်း အခု ၅၀၊ လူနေတဲ ၁၂ လုံး၊ အက်ဆစ်ပုံးထားတဲ့ ဂိုထောင် ၇ လုံး၊ ဖန်ပေါင်းချောင်တွေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ တဲ ၁ လုံး၊ ပစ္စည်းထည့် ဂိုထောင် ၃ လုံး၊ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ ကုန်ကြမ်းတွေ ထားရှိတဲ့ ဂိုထောင် ၂ လုံး နဲ့ ရိက္ခာဂိုထောင် ၂ လုံးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အခု သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ပညာရှင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ တွေနဲ့ အသေးစိတ် ဆက်လက်စစ်ဆေးပြီး သက်ဆိုင်ရာဌာနတွေကို လွှဲပြောင်းအပ်နှံတာ၊ စနစ်တကျ မီးရှို့ဖောက်ခွဲ ဖျက်ဆီးတာတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီ ဒေသတစ်ဝိုက်ကိုလည်း မသင်္ကာဖွယ် မူးယစ်ဆေးဝါး ချက်လုပ်တဲ့ နေရာတွေ ရှိနိုင်သေးတဲ့အတွက် နယ်မြေဖော်ထုတ် ရှင်းလင်းတာတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်ကလည်း သီပေါ နဲ့ မိုင်းရယ်မြို့နယ်တွေမှာ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တဲ့ မူးယစ် ဆေးဝါး ချက်လုပ် တဲ့နေရာ ၃ ခုဟာ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ ပင်ရင်းနေရာတွေဖြစ်ပြီး အဲဒီနေရာတွေကနေ ထုတ်လုပ်ထားတဲ့ စိတ်ကြွဆေးပြားတွေ ဈေးကွက်အတွင်း ရောက်ရှိသွားမယ်ဆိုရင် ငွေကျပ် ၁၆၂၀ ဘီလီယံ တန်ဖိုးရှိ မူးယစ် ဆေးဝါးတွေ ပျံ့နှံ့သွားမှာဖြစ်တယ်လို့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

image